၂၀၁၇ ခုနှစ် အောက်တိုဘာနောက်ပိုင်း မန်ယူအသင်း၏ ရှယ်ယာတန်ဖိုး အနိမ့်ဆုံးသို့ကျဆင်း

၂၀၁၇ ခုနှစ် အောက်တိုဘာနောက်ပိုင်း မန်ယူအသင်း၏ ရှယ်ယာတန်ဖိုး အနိမ့်ဆုံးသို့ကျဆင်း
Published 23 November 2018

မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ရုန်းကန်နေရသလို ရှယ်ယာတန်ဖိုးမှာလည်း ၂၀၁၇ ခုနှစ် အောက်တိုဘာနောက်ပိုင်း အနိမ့်ဆုံးသို့ကျဆင်းသွားကြောင်း သိရသည်။

မန်ယူအသင်း၏ရှယ်ယာများကို နယူးယောက်စတော့အိတ်ချိန်း၌ ၂၀၁၂ ခုနှစ် သြဂုတ်ကတည်းက စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၀ ရက်က စျေးကွက်စဖွင့်ချိန်တွင် ၁၉ ဒသမ ၉၂ ဒေါ်လာရှိရာမှ ညနေပိုင်း စျေးကွက်ပိတ်သိမ်းချိန်တွင် ၁၈ ဒသမ ၁၉ ဒေါ်လာသို့ ကျဆင်းသွားခြင်းဖြစ်သည်။ ယင်းပမာဏမှာ တစ်နေ့အတွင်းမှာပင် ၈ ဒသမ ၆၈ ရာခိုင်နှုန်း ကျဆင်းသွားခြင်းဖြစ်ပြီး ယခင်လထက် ၁၄ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂၀၁၇ ခုနှစ် အောက်တိုဘာနောက်ပိုင်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့ဖြစ်ရာ အသင်း၏ စုစုပေါင်းတန်ဖိုးမှာလည်း မူလထက် ပေါင်သန်း ၃၀၀ ကျော်အထိ  လျော့ကျသွားကြောင်း Daily Mail သတင်းဌာနက ဖော်ပြသည်။ မန်ယူအသင်းအနေဖြင့် ရှယ်ယာတန်ဖိုး ကျဆင်းနေသော်လည်း ယခု ရာသီ ပထမသုံးလပတ်အတွင်း ကစားသမားများအတွက် လစာပေးချေမှုစရိတ်မှာ ၁၀ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်လာပြီး ယခင်ရာသီထက် ပေါင် ၇ ဒသမ ၁ သန်း ပိုများကာ ပေါင် ၇၇ သန်းရှိလာသည်။ သို့သော် ကဏ္ဍအသီးသီး ဝင်ငွေရရှိမှုမှာ ယခင်ရာသီ ပထမသုံးလပတ်ထက် ပေါင် ၈ ဒသမ ၇ သန်းအထိ လျော့ကျသွားပြီး ပေါင် ၁၃၅ သန်းသာရရှိခဲ့ကြောင်း သိရသည်။

မန်ယူအသင်းသည် ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ၁၂ ပွဲကစားအပြီး ခြောက်ပွဲ နိုင်၊ နှစ်ပွဲသရေ၊ လေးပွဲရှုံး၊ ရမှတ် ၂၀ ဖြင့် အဆင့် ၈ နေရာရောက်ရှိနေပြီး ဇယားထိပ်ဆုံးမှ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနှင့် ၁၂ မှတ်၊ ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် ၄ နေရာမှ စပါးအသင်းနှင့် ခုနစ်မှတ် ကွာဟနေသည်။ အသင်းပိုင်ရှင် ဂလေဇာမိသားစုနှင့် အမှုဆောင်ဒုဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝက်ဒ်ကမူ လက်ရှိအခြေအနေအတွက် စိုးရိမ်ပူပန်မှုမရှိဘဲ ရာသီကုန်တွင် စံချိန်တင်ငွေရရှိရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ပြုလုပ်ရန် မျှော်မှန်းကြောင်း ပြောကြားထားသည်။

Most Read

Most Recent