ဆုဖလားမရပါက လီဗာပူးလ်အသင်းကို ဆာလာစွန့်ခွာသွားနိုင်သည်ဟု အီဂျစ်နည်းပြ အဂွီရီး ဆို

ဆုဖလားမရပါက လီဗာပူးလ်အသင်းကို ဆာလာစွန့်ခွာသွားနိုင်သည်ဟု အီဂျစ်နည်းပြ အဂွီရီး ဆို
Photo: Getty Images
Photo: Getty Images
Published 23 November 2018

 

အီဂျစ်အသင်းနည်းပြ အဂွီရီးက လီဗာပူးလ်အသင်းအနေဖြင့် ယခုတစ်ရာသီ၊ နှစ်ရာသီအတွင်း ဆုဖလားများနှင့် ဝေးကွာနေမည်ဆိုပါက တိုက်စစ်ကစားသမား ဆာလာမှာ အသင်းကို စွန့်ခွာသွားနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။

အသက် (၂၆)နှစ်အရွယ်ရှိ အီဂျစ်တိုက်စစ်ကစားသမား ဆာလာသည် ပြီးခဲ့သည့်ရာသီက လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံတွင် (၄၄)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး အသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့သူ ဖြစ်သည်။

လီဗာပူးလ်အသင်းမှာ ၂၀၁၁-၁၂ ရာသီက လိဂ်ဖလားဆွတ်ခူးပြီးနောက်ပိုင်း အောင်မြင်မှုများနှင့် ဝေးကွာနေပြီး ယင်းအတိုင်း ဆက်သွားမည်ဆိုပါက ဆာလာကို ဆုံးရှုံးရနိုင်ကြောင်း အီဂျစ်အသင်းနည်းပြ အဂွီရီးက သတိပေးခဲ့ခြင်း ဖြစ်သည်။

အဂွီရီးက "ဒီ(၁)နှစ်၊ (၂)နှစ်အတွင်းမှာသာ ဆုဖလားတွေမရခဲ့ဘူးဆိုရင် ဆာလာဟာ လီဗာပူးလ်အသင်းကို စွန့်ခွာသွားနိုင်ပါတယ်။ ဒါကို လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ် ကောင်းကောင်းသိပါတယ်။ ဒါကြောင့် ဒီရာသီမှာ ဆုဖလားတွေရရှိဖို့ သူအသည်းအသန်း ကြိုးစားနေတာပေါ့"ဟု ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၁၂)အပြီးတွင် ရှုံးပွဲမရှိသေးဘဲ အဆင့် (၂)နေရာ၌ ရပ်တည်နေသော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင် နောက်တစ်ဆင့်တက်ရေး ရုန်းကန်ရဖွယ်ရှိနေသလို၊ လိဂ်ဖလားပြိုင်ပွဲမှလည်း ထွက်ခွာခဲ့ရပြီ ဖြစ်သည်။

သို့သော် လီဗာပူးလ်အသင်းအနေဖြင့် ယခုရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို မန်စီးတီးအသင်းနှင့် အပြိုင် စိန်ခေါ်နိုင်လိမ့်မည်ဟု ဘောလုံးဝေဖန်သုံးသပ်သူများနှင့် လီဗာပူးလ်အသင်းပရိသတ်များက ယုံကြည်နေပြီး နည်းပြ ယာဂန်ကလော့ပ်နှင့် အသင်းသားများကလည်း အကောင်းဆုံးကြိုးစားသွားမည်ဟု ပြောကြားထားသည်။

Most Read

Most Recent