ယခုရာသီအတွက် ရည်မှန်းချက်သုံးခုကို အာဆင်နယ်အသင်းနည်းပြ အမ်မရီ ဖွင့်ဟ

ယခုရာသီအတွက် ရည်မှန်းချက်သုံးခုကို အာဆင်နယ်အသင်းနည်းပြ အမ်မရီ ဖွင့်ဟ
Photo: Reuters
Photo: Reuters
Published 23 November 2018

 

အာဆင်နယ်အသင်းနည်းပြ အမ်မရီက ယခုရာသီအတွက် ရည်မှန်းချက်သုံးခုကို ထုတ်ဖော်ပြောကြားခဲ့သည်။

အသက် (၄၇)နှစ်အရွယ်ရှိ စပိန်လူမျိုး အူနိုင်းအမ်မရီသည် ယခုရာသီအစကမှ အာဆင်နယ်အသင်းကို ကိုင်တွယ်ခဲ့သူဖြစ်ပြီး အသင်းကို ပြိုင်ပွဲစုံနောက်ဆုံး (၁၆)ပွဲဆက် ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးထားသူ ဖြစ်သည်။

ယခုရာသီ ရည်မှန်းချက်များနှင့် ပတ်သက်ပြီး အမ်မရီက "အာဆင်နယ်အသင်းက ချန်ပီယံလိဂ်မှာ ပြန်ကစားလိုနေပါတယ်။ လာမယ့်ရာသီ ချန်ပီယံလိဂ်မှာ ပါဝင်ခွင့်ရဖို့ အခွင့်အရေးနှစ်ခု ရှိပါတယ်။ တစ်ခုက ပရီးမီးယားလိဂ်မှာ အဆင့်(၄)အတွင်း ဝင်ဖို့နဲ့ နောက်တစ်ခုက ယူရိုပါလိဂ်မှာ ဗိုလ်စွဲပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကို သွားဖို့ပါ။ ပရီးမီးယားလိဂ်ကတော့ ဦးစားပေးပေါ့။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ရာသီကုန်မှာ အဆင့်(၄) အတွင်း ဝင်ဖို့ဖြစ်ပါတယ်။ နှစ်ခုစလုံးက ခက်ခဲမှာ ဖြစ်ပေမယ့် ကျွန်တော်တို့အနေနဲ့ အကောင်းဆုံး စွမ်းဆောင်သွားမှာပါ"ဟု ဆိုခဲ့သည်။

ဒုတိယရည်မှန်းချက်မှာ ဆုဖလားတစ်ခုခု ဆွတ်ခူးနိုင်ရေးဖြစ်သည်ဟု အမ်မရီက ပြောကြားခဲ့သည်။ အာဆင်နယ်အသင်းသည် ယခုရာသီ လိဂ်ဖလားပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်ထိ ရောက်ရှိနေသလို၊ FA ဖလားပြိုင်ပွဲကိုလည်း ယှဉ်ပြိုင်ရဦးမည် ဖြစ်သည်။

"တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့အနေနဲ့ ပါဝင်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲတိုင်းမှာ ဆုဖလားတွေ ရရှိဖို့က အရေးကြီးပါတယ်။ ကျွန်တော်တို့မှာ ပြည်တွင်းဖလားပြိုင်ပွဲ နှစ်ခုစလုံး ယှဉ်ပြိုင်ခွင့်ရှိနေပါသေးတယ်။ အဲဒီပြိုင်ပွဲတွေမှာ ဆုဖလားဆွတ်ခူးနိုင်အောင် ကြိုးစားမှာပါ"ဟု အမ်မရီက ပြောကြားခဲ့သည်။

အမ်မရီက ၎င်း၏တတိယရည်မှန်းချက်မှာ အသင်းကစားသမားများနှင့် ပရိသတ်များ ဆက်ဆံရေးကောင်းမွန်စေရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမ်မရီက "တတိယရည်မှန်းချက်ကတော့ အသင်းကစားသမားတွေနဲ့ ပရိသတ်တွေအကြား ဆက်သွယ်မှု ရှိဖို့ပါ။ ပရိသတ်တွေဆီက ဝေဖန်သုံးသပ်ချက်တွေ၊ အားပေးမှုတွေကို ကျွန်တော်တို့ လိုအပ်ပါတယ်။ အသင်းနဲ့ ပရိသတ် တစ်သားတည်းဖြစ်စေလိုပြီး အာဆင်နယ်ကို ဆုဖလားတွေအတွက် ဆာလောင်တဲ့အသင်း ဖြစ်စေလိုပါတယ်"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent