ကရင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင် မြန်မာပြည်အလွတ်တန်းချန်ပီယံစိန်ခေါ်ပွဲထိုးသတ်မည်ဟု သတင်းထွက်ပေါ်

ကရင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင် မြန်မာပြည်အလွတ်တန်းချန်ပီယံစိန်ခေါ်ပွဲထိုးသတ်မည်ဟု သတင်းထွက်ပေါ်
Photo: MLWC
Photo: MLWC
Published 30 September 2024

ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ရိုးရာလက်ဝှေ့အကျော်အမော် ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့ မြန်မာပြည်အလွတ်တန်းချန်ပီယံစိန်ခေါ်ပွဲ ယှဉ်ပြိုင်ထိုးသတ်မည်ဟု သတင်းများထွက်ပေါ်လျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်သည် နိုဝင်ဘာ ၉ ရက်တွင် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ဘားအံမြို့၌ မြန်မာပြည် အလွတ်တန်းချန်ပီယံစိန်ခေါ်ပွဲ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း လူမှုမီဒီယာ Facebook တွင် သတင်းများထွက်ပေါ်လျက်ရှိသည်။

ယင်းပြိုင်ပွဲမှာ အလွတ်တန်းဖြစ်သည့်အတွက် ၀ိတ်သတ်မှတ်ထားခြင်းမရှိဘဲ မူလစည်းမျဉ်းအတိုင်း ငါးချီ၊ အနားတောင်း၊ အလဲထိုးစနစ်ဖြင့် ယှဉ်ပြိုင်ထိုးသတ်ရန် စီစဉ်ထားသည်။

ထွက်ပေါ်နေသည့်သတင်းများအရ အရှုံးအနိုင်ပြတ်သားစွာ ထွက်ပေါ်ရန်အတွက် သွေးသစ်ဝင်းလှိုင်ဘက်က စည်းမျဉ်းသစ် ခုနစ်ချီထိုးသတ်ရန် တောင်းဆိုသော်လည်း ထွန်းထွန်းမင်းက လက်မခံဘဲ ပယ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းမင်းသည် ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်က မြန်မာပြည်အလွတ်တန်း ချန်ပီယံစိန်ခေါ်ပွဲအဖြစ် ကျော်စွာဝင်းနှင့် ရန်ကုန်မြို့၌ ယှဉ်ပြိုင်ထိုးသတ်ရာ စတုတ္ထအချီတွင် အလဲထိုးဖြင့် အနိုင်ရထားသည်။

ထွန်းထွန်းမင်းသည် ၂၀၁၄ ခုနှစ်က စောငမန်းကို အလဲထိုးဖြင့် အနိုင်ရပြီးနောက် မြန်မာပြည်အလွတ်တန်းချန်ပီယံ ဖြစ်လာခဲ့သည်။

ထို့နောက် ထွန်းထွန်းမင်းသည် ၂၀၁၆ ခုနှစ်တွင် ကနေဒါနိုင်ငံသား ဒေ့ဗ်နှင့် အလဲထိုးစနစ် နှစ်ကြိမ်ယှဉ်ပြိုင်ထိုးသတ်ရာ ပထမအကြိမ်တွင် သရေကျပြီး ဒုတိယအကြိမ်တွင် ဒဏ်ရာကြောင့် ရှုံးနိမ့်ခဲ့သည်။

ထွန်းထွန်း မင်းနှင့် ဒေ့ဗ်သည် တတိယအကြိမ် မကျေပွဲအဖြစ် ၂၀၁၈ ခုနှစ်တွင် ထပ်မံထိုးသတ်သော်လည်း သရေကျခဲ့သည်။

ထွန်းထွန်းမင်းသည် စောငမန်းကို အနိုင်ယူကာ မြန်မာပြည်ချန်ပီယံဟု သတ်မှတ်ခံရပြီးနောက် ရိုးရာလက်ဝှေ့သမားများဖြစ်သည့် စောဂေါမူဒိုကို အနိုင်ရပြီး ရာမာဉ်နှင့် သရေကျခဲ့သည်။

ထွန်းထွန်းမင်းသည် အလဲထိုးစနစ်၌ ရှုံးနိမ့်ထားသည့် ဒေ့ဗ်မှာ ကစားသမားဘဝမှ အနားယူသွားပြီဖြစ်သောကြောင့် မြန်မာပြည်အလွတ်တန်းချန်ပီယံ စိန်ခေါ်ပွဲအဖြစ် ကျော်စွာဝင်းနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းမင်းသည် ၂၀၂၃ ခုနှစ်တွင် သွေးသစ်ဝင်းလှိုင်နှင့် နှစ်ပွဲထိုးသတ်ခဲ့ပြီး အမှတ်ပေးစနစ်တွင် ရှုံးနိမ့်သော်လည်း အလဲထိုးစနစ်တွင် သရေကျခဲ့သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် ကျင်းပသည့် TGL-3 ပြိုင်ပွဲ အမှတ်ပေးစနစ်၌ သွေးသစ်ဝင်းလှိုင်က အမှတ်ဖြင့် အနိုင်ရပြီး ၂၀၂၃ ခုနှစ် သြဂုတ်၂၀ ရက်တွင်ကျင်းပသည့် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ(MLWC) ၌ အလဲ ထိုးစနစ်ဖြင့် ထိုးသတ်ရာ ပူးတွဲသရေကျခဲ့ခြင်းဖြစ်သည်။

သွေးသစ်ဝင်းလှိုင်မှာမူ ပြည်တွင်းပွဲများ ဝေးနေပြီး ONE Friday Fights ပြိုင်ပွဲ၌ ထိုင်းဖိုက်တာ ခွန်ဆွတ်နှင့် ဥဇဘက်ကစ္စတန်ဖိုက်တာ ခါခိုရော့ဗ်တို့ကို နှစ်ပွဲဆက်တိုက် အမှတ်ဖြင့် ရှုံးနိမ့်ထားသည်။

 

Most Read

Most Recent