ဖိလစ်ပိုင်လက်ဝှေ့အကျော်အမော် ပက်ကီယောင်းနှင့် ဘရိုနာတို့ထိုးသတ်မည့်ပွဲကို အတည်ပြုကြေညာ

ဖိလစ်ပိုင်လက်ဝှေ့အကျော်အမော် ပက်ကီယောင်းနှင့် ဘရိုနာတို့ထိုးသတ်မည့်ပွဲကို အတည်ပြုကြေညာ
ပက်ကီယောင်း (ဝဲ) နှင့် ဘရိုနာတို့အား တွေ့ရစဉ် (Photo – AFP)
ပက်ကီယောင်း (ဝဲ) နှင့် ဘရိုနာတို့အား တွေ့ရစဉ် (Photo – AFP)
Published 21 November 2018

ဖိလစ်ပိုင်နာမည်ကြီး ပက်ကီယောင်း နှင့် အမေရိကန်လက်ဝှေ့သမား အက်ဒရီယန် ဘရိုနာတို့ ဇန်နဝါရီ ၁၉ ရက်၌ လက်စ်ဗီးဂတ်စ် မြို့ရှိ MGM Grand Garden Arena  တွင် ထိုးသတ်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၉ ရက်က အတည်ပြုကြေညာခဲ့သည်။

ယင်းပွဲမှာ ၃၉ နှစ်အရွယ်ရှိ ၀ါရင့် ပက်ကီယောင်း၏ WBA ကမ္ဘာ့ဝယ်လ်တာဝိတ်တန်း (ပုံမှန်) ချန်ပီယံရွှေခါးပတ် ကာကွယ်ပွဲဖြစ်ပြီး ပွဲကြိုသတင်းစာရှင်းလင်းပွဲကို နယူးယောက်မြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ပက်ကီယောင်းမှာ ပြီးခဲ့သည့်ဇူလိုင်လက ကွာလာလမ်ပူတွင် ထိုးသတ်ခဲ့သည့်ပွဲတွင် အာဂျင်တီးနား လက်ဝှေ့သမား လူးကပ်စ်မာသီဆေးကို အနိုင်ယူကာ WBA ဝယ်လ်တာဝိတ်တန်းချန် ပီယံဖြစ်လာခဲ့ပြီး ယခုဘရိုနာနှင့် ထိုးသတ်မည့်ပွဲမှာ WBA (စူပါ) ချန်ပီယံဖြစ်သူ အမေရိကန်နိုင်ငံသား ကိတ်သ်သာမန်းနှင့် ရင်ဆိုင်ထိုးသတ်ခွင့်ရရန် ခြေလှမ်းတစ်ရပ်လည်းဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အမေရိကန်မြေတွင် လက်ဝှေ့ပွဲများမထိုးသတ်သည်မှာ နှစ်နှစ်ကြာမြင့်ခဲ့သူ ပက်ကီယောင်းက “လက်စ်ဗီးဂတ်စ်မှာ ထိုးသတ်ခဲ့တဲ့ပွဲတွေကို ကျွန်တော် လွမ်းပါတယ်။ ဒါဟာ ကျွန်တော့်အတွက် ဒုတိယမြောက်အိမ်လိုပါပဲ။ ကမ္ဘာ့ချန်ပီယံဆုကို ကာကွယ်ဖို့အတွက် အက်ဒရီယန်ဘရိုနာနဲ့ ထိုးသတ်ဖို့ MGM Grand Garden Arena  ကို ပြန်လာရတာဟာ ကျွန်တော့်အိမ်ကို ပြန်လာရသလိုမျိုး စိတ်လှုပ်ရှားမိပါတယ်” ဟု ပြောကြားသည်။ ပက်ကီယောင်းသည် မတူညီသည့်ဝိတ်တန်း ရှစ်ခုတွင် ကမ္ဘာ့ချန်ပီယံဖြစ်ဖူးသည့် တစ်ဦးတည်းသော လက်ဝှေ့သမားလည်းဖြစ်သည်။ လာမည့် ဒီဇင်ဘာလတွင် အသက် ၄၀ ပြည့်တော့မည့် ပက်ကီယောင်းမှာ ၁၉၉၅ ခုနှစ် တွင် ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဖြစ်လာခဲ့ပြီး သူ၏လက်ဝှေ့မှတ်တမ်းတွင် ၆၀ ပွဲ နိုင်၊ နှစ်ပွဲသရေ၊ ခုနစ်ပွဲရှုံးကာ ၃၉ ပွဲ အလဲထိုးအနိုင်ရရှိခဲ့သည်။ ပက်ကီယောင်းနှင့် ထိုးသတ်မည့် ဘရိုနာမှာ စူပါဖယ်သာဝိတ်၊ ဝယ်လ်တာဝိတ်၊ စူပါလိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်းတစ်ဦးဖြစ်ပြီး လက်ဝှေ့သမားသက်တမ်းတစ်လျှောက် ၃၃ ပွဲနိုင်၊ ၂၄ ပွဲအလဲထိုး၊ တစ်ပွဲသရေ၊ သုံးပွဲရှုံး မှတ်တမ်းရရှိထားသူ ဖြစ်သည်။

Most Read

Most Recent