စင်ကာပူ၊ လက်ဘနွန်လက်ရွေးစင်အသင်းတို့နှင့် ခြေစမ်းပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း နိုဝင်ဘာ ၄ ရက် စတင်လေ့ကျင့်မည်ဖြစ်ပြီး ပဏာမကစားသမား ၃၀ ဝန်းကျင် ရွေးချယ်မည်

စင်ကာပူ၊ လက်ဘနွန်လက်ရွေးစင်အသင်းတို့နှင့် ခြေစမ်းပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း နိုဝင်ဘာ ၄ ရက် စတင်လေ့ကျင့်မည်ဖြစ်ပြီး ပဏာမကစားသမား ၃၀ ဝန်းကျင် ရွေးချယ်မည်
Published 30 October 2024

 

မြန်မာ့လက်ရွေးစင်အသင်းသည် စင်ကာပူ၊ လက်ဘနွန်လက်ရွေးစင်အသင်းတို့နှင့် ခြေစမ်းပွဲများအတွက် နိုဝင်ဘာ ၄ ရက်တွင် စတင်လေ့ကျင့်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာနိုင်ငံတကာရက်သတ္တပတ်တွင် ခြေစမ်းပွဲ နှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ပထမဆုံးကစားမည့် စင်ကာပူအသင်းနှင့်ပွဲအတွက် ပြင်ဆင်ချိန် တစ်ပတ်နီးပါးသာ ရရှိမည်ဖြစ်ပြီး ကစားသမားအစုံအလင် လေ့ကျင့်မည့်ရက်မှာ အနည်းငယ်သာ ရရှိမည်ဖြစ်သည်။ 

မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၄ ရက်တွင် စတင်လေ့ကျင့်မည်ဖြစ်သော်လည်း MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၃) ကို နိုဝင်ဘာ ၃ ရက်မှ ၇ ရက်အထိ ကျင်းပမည် ဖြစ်သောကြောင့် ယင်းနောက်ပိုင်းမှသာ လူစုံလေ့ကျင့်နိုင်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းသည်  နိုဝင်ဘာနိုင်ငံတကာရက်သတ္တပတ်တွင် ယှဉ်ပြိုင်ကစားမည့် နိုင်ငံတကာခြေစမ်းပွဲများအတွက် ပဏာမကစားသမား ၃၀ ဝန်းကျင် ရွေးချယ်မည်ဖြစ်ပြီး အောက်တိုဘာ နိုင်ငံတကာရက်သတ္တပတ်တွင် ခြေစမ်းပွဲကစားခဲ့သည့် ကစားသမားများကို အခြေခံကာ ပြန်လည်ရွေးချယ်မည်ဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာ နိုင်ငံတကာရက်သတ္တပတ်တွင် ရွေးချယ်ခဲ့သည့် ကစားသမားအချို့မှာ ဒဏ်ရာပြဿနာနှင့် ကြုံတွေ့နေရသဖြင့် ပဏာမလူစာရင်း အပြောင်းအလဲပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာ နိုင်ငံတကာရက်သတ္တပတ်တွင် ခြေစမ်းပွဲများအဖြစ် နိုဝင်ဘာ ၁၄ ရက်တွင် စင်ကာပူလက်ရွေးစင်အသင်းနှင့် အဝေးကွင်း၊ နိုဝင်ဘာ ၁၉ ရက်တွင် လက်ဘနွန်လက်ရွေးစင် အသင်းနှင့် အိမ်ကွင်း ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် စင်ကာပူလက်ရွေးစင်အသင်းနှင့် နိုဝင်ဘာ ၁၄ ရက်တွင် စင်ကာပူနိုင်ငံ၌ ခြေစမ်းကစား မည်ဖြစ်သောကြောင့် ခြေစမ်းပွဲမတိုင်မီ နှစ်ရက် သို့မဟုတ် သုံးရက်ကြိုတင် သွားရောက်မည်ဖြစ်သည်။ 

မြန်မာ့လက်ရွေးစင်အသင်းသည် အောက်တိုဘာ နိုင်ငံတကာရက်သတ္တပတ်တွင် သီရိလင်္ကာလက်ရွေးစင်အသင်းနှင့် ရန်ကုန်မြို့တွင် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားရာ ပထမပွဲတွင် (၂-၀) ဂိုးဖြင့် အနိုင်ရပြီး ဒုတိယပွဲတွင် ဂိုးမရှိသရေကျခဲ့သည်။ မြန်မာ့ လက်ရွေးစင်အသင်း နည်းပြချုပ်သစ် ဦးမျိုးလှိုင်ဝင်းသည် ပထမဆုံးကိုင်တွယ်ရသည့် ခြေစမ်းပွဲများတွင် ရလဒ်ကောင်းရယူနိုင် သော်လည်း နိုဝင်ဘာ နိုင်ငံတကာရက်သတ္တပတ်တွင် ခြေစွမ်းပိုမိုမြင့်မားသည့် အာရှဒေသတွင်း လက်ရွေးစင်အသင်းများနှင့် ကစားရမည်ဖြစ်သောကြောင့် ရလဒ်ကောင်း ရယူနိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာခြေစမ်းပွဲများကို နှစ်ကုန်ပိုင်းမှ ကစားခြင်းဖြစ်ပြီး ဒီဇင်ဘာတွင် ယှဉ်ပြိုင်ရမည့် Asean Cup 20024 ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ခြေစမ်းပွဲစုစုပေါင်း လေးပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် စင်ကာပူ၊ လက်ဘနွန်လက်ရွေးစင်အသင်း တို့နှင့် ခြေစမ်းပွဲများအပြီးတွင် ပြည်တွင်းလိဂ်ပြိုင်ပွဲကြောင့် လေ့ကျင့်မှုရပ်နားမည်ဖြစ်ပြီး နိုဝင်ဘာနောက်ဆုံးပတ်မှ Asean Cup ပြိုင်ပွဲ အတွက် စခန်းဝင်လေ့ကျင့်မည်ဖြစ်သည်။ 

မြန်မာ့လက်ရွေးစင်အသင်းသည် Asean Cup ပြိုင်ပွဲအတွက် ပြင်ဆင်ချိန် နှစ်ပတ်ရရှိမည်ဖြစ်ပြီး အောက်တိုဘာနှင့် နိုဝင်ဘာတွင် ယှဉ်ပြိုင်ကစားခဲ့သည့် နိုင်ငံတကာခြေစမ်းပွဲများမှ လိုအပ်ချက်၊ အားနည်းချက်များကို ပြန်လည်ပြင်ဆင်ရမည်ဖြစ်သည်။ မြန်မာ့ လက်ရွေးစင်အသင်းသည် Asean Cup 20024 ပြိုင်ပွဲတွင် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ ဖိလစ်ပိုင်အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး အင်ဒိုနီးရှား၊ လာအို အသင်းတို့နှင့်ပွဲများကို အိမ်ကွင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်အသင်းတို့နှင့် ပွဲများကို အဝေးကွင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Most Read

Most Recent