ကမ္ဘာ့ထောက်လု (ဝူရှူး) ပြိုင်ပွဲ ပထမနေ့တွင် အိမ်ရှင်မြန်မာဝူရှူးအဖွဲ့ ငွေတစ်ခု၊ ကြေးတစ်ခု ရရှိ

ကမ္ဘာ့ထောက်လု (ဝူရှူး) ပြိုင်ပွဲ ပထမနေ့တွင် အိမ်ရှင်မြန်မာဝူရှူးအဖွဲ့ ငွေတစ်ခု၊ ကြေးတစ်ခု ရရှိ
ငွေတံဆိပ်ဆုရ အေးသစ္စာမြင့် ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)  ကြေးတံဆိပ်ရခဲ့သည့် ငြိမ်းချမ်းကိုကို ယှဉ်ပြိုင်နေစဉ်
ငွေတံဆိပ်ဆုရ အေးသစ္စာမြင့် ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်) ကြေးတံဆိပ်ရခဲ့သည့် ငြိမ်းချမ်းကိုကို ယှဉ်ပြိုင်နေစဉ်
Published 18 November 2018

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၁၈ ခုနှစ် ဒုတိယအကြိမ် ကမ္ဘာ့ထောက်လု (ဝူရှူး) ပြိုင်ပွဲ ပထမနေ့ကို နိုဝင်ဘာ ၁၇ ရက်က ရန်ကုန်မြို့ရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ စတင်ကျင်းပရာ မြန်မာဝူရှူးအဖွဲ့ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်တစ်ခု စတင်ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ပထမနေ့တွင် ပြိုင်ပွဲအမျိုးအစား ၁၂ မျိုး ထည့်သွင်းကျင်းပခဲ့ပြီး ဝူရှူးအင်အားကြီး တရုတ်အသင်းက ရွှေခြောက်ခုဖြင့် နိုင်ငံအလိုက် ဆုရရှိမှုတွင် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။ မြန်မာဝူရှူးအဖွဲ့သည် ပထမနေ့တွင် ကစားသမားလေးဦး ယှဉ်ပြိုင်ရာ အေးသစ္စာမြင့်က ငွေတံဆိပ်၊ ငြိမ်းချမ်းကိုကိုက ကြေးတံဆိပ်ရရှိခဲ့သည်။ အေးသစ္စာမြင့်သည် ပထမနေ့နောက်ဆုံးပွဲအဖြစ် ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသမီးနန်းတောင်းပြိုင်ပွဲတွင် ငွေတံဆိပ်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ အေးသစ္စာမြင့်သည် ရွှေတံဆိပ်ရခဲ့သည့် ဟောင်ကောင် ကစားသမားမယှဉ်ပြိုင်မီအထိ ၉ ဒသမ ၆၄ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေသော်လည်း နောက်ဆုံးယှဉ်ပြိုင်သည့် ဟောင်ကောင် ကစားသမားမှာ ၉ ဒသမ ၆၆ မှတ်ဖြင့် ရွှေတံဆိပ်ရရှိခဲ့ခြင်း ဖြစ်သည်။ မြန်မာဝူရှူးအဖွဲ့အတွက် ကြေးတံဆိပ်ဆုကို ငြိမ်းချမ်းကိုကိုက အမျိုးသား ထိုက်ချိချွမ်ပြိုင်ပွဲတွင် ရယူနိုင်ခဲ့သည်။ ငြိမ်းချမ်းကိုကိုသည် ဝူရှူးအင်အား ကြီးအသင်းများဖြစ်သည့် တရုတ်၊ ဟောင်ကောင်စသည့်နိုင်ငံများနှင့် ယှဉ်ပြိုင်ခဲ့ရပြီး ၉ ဒသမ ၆၆ မှတ်ဖြင့် ကြေးတံဆိပ်၊ တရုတ်ကစားသမားက ၉ ဒသမ ၇၁ မှတ်ဖြင့် ရွှေတံဆိပ်၊ ဟောင်ကောင်ကစားသမားက ၉ ဒသမ ၆၇ မှတ်ဖြင့် ငွေတံဆိပ်ရခဲ့သည်။ ပထမနေ့တွင် ပြိုင်ပွဲဝင်နိုင်ငံပေါင်း ၂၁ နိုင်ငံအနက် ၁၄ နိုင်ငံက ဆုတံဆိပ်များ ရယူနိုင်ခဲ့သည်။ ပထမနေ့တွင် တရုတ်အသင်းက ရွှေခြောက်ခုဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ဟောင်ကောင်အသင်းက ရွှေသုံးခု၊ ငွေတစ်ခု၊ ကြေးတစ်ခု၊ မလေးရှားအသင်းက ရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေးတစ်ခု၊ မကာအိုအသင်းက ရွှေတစ်ခု၊ ငွေတစ်ခု၊ ကြေးသုံးခု၊ ဂျပန်နှင့် ထိုင်ဝမ်အသင်း က ငွေနှစ်ခုစီ၊ မြန်မာ၊ ရုရှား၊ စင်ကာပူအသင်းတို့က ငွေတစ်ခု၊ ကြေးတစ်ခုစီ၊ ဗီယက်နမ်နှင့် ယူကရိန်းအသင်းက ငွေတစ်ခုစီ၊ အမေရိကန်အသင်းက ကြေးနှစ်ခု၊ စပိန်နှင့် တောင်ကိုရီးယားအသင်းက ကြေးတစ်ခုစီ ရရှိထားသည်။ အမျိုးသမီး ကျန့်စုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် စန္ဒီဦး၊ အမျိုးသားနန်းတောင်း ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် သိန်းသန်းဦးတို့မှာမူ ဆုတံဆိပ်နှင့် လွဲချော်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲနောက်ဆုံးနေ့ကို နိုဝင်ဘာ ၁၈ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစား ၁၀ မျိုး ထည့်သွင်းကျင်းပမည် ဖြစ်သည်။ နံနက်ပိုင်းတွင် ပြိုင်ပွဲခြောက်မျိုး၊ ညနေပိုင်းတွင် ပြိုင်ပွဲလေးမျိုး ကျင်းပမည်ဖြစ်ပြီး မြန်မာဝူရှူးကစားသမားများဖြစ်သည့် ငြိမ်းချမ်းကိုကို၊ သိန်းသန်းဦး၊ စန္ဒီဦးနှင့် အေးသစ္စာမြင့်တို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

Most Read

Most Recent