အိန္ဒိယသည် ပြည်ပခြိမ်းခြောက်မှုများကို ရင်ဆိုင်တိုက်ခိုက်သွားမည်ဟု ဝန်ကြီးချုပ်မိုဒီ ပြောကြား

အိန္ဒိယသည် ပြည်ပခြိမ်းခြောက်မှုများကို ရင်ဆိုင်တိုက်ခိုက်သွားမည်ဟု ဝန်ကြီးချုပ်မိုဒီ ပြောကြား
Published 16 August 2017


သြဂုတ် ၁၅ ရက်က နယူးဒေလီရှိ သမိုင်းဝင်ခံတပ်နီတွင် အိန္ဒိယလွတ်လပ်ရေး နှစ် ၇၀ ပြည့်အထိမ်းအမှတ်အတွက် မိန့်ခွန်းပြောနေသော ဝန်ကြီးချုပ်မိုဒီ (Photo: AP)

အိန္ဒိယသည် မိမိနိုင်ငံကို ဆန့်ကျင်ရန် ကြိုးပမ်းလာသည့် မည်သည့်ရန်ကိုမဆို ကိုယ်တိုင်ကာကွယ်နိုင်သည်ဟု ဝန်ကြီးချုပ် နရင်ဒရာမိုဒီက သြဂုတ် ၁၅ ရက်က လွတ်လပ်ရေးနေ့ အထိမ်းအမှတ်မိန့်ခွန်းထဲ၌ ပြောကြားခဲ့သည်။ အိန္ဒိယသည် ဟိမဝန္တာကုန်းပြင်မြင့်ဒေသတွင် တရုတ်နှင့် ထိပ်တိုက်တွေ့နေပြီး ပါကစ္စတန်နှင့်လည်း ဆက်ဆံရေး ပိုမိုတင်းမာလာစဉ် ယခုပြောကြားမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ဗြိတိသျှ ကိုလိုနီလက်အောက်မှ လွတ်မြောက်ခဲ့သော နှစ် ၇၀ ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် နယူးဒေလီရှိအထင်ကရ ခံတပ်နီကြီးရှေ့တွင် မိုဒီသည် ထောင်နှင့်ချီသော လူပရိသတ်များကို မိန့်ခွန်းပြောကြားခဲ့သည်။ “လုံခြုံရေးဟာ ပထမဦးစားပေးကိစ္စပါ။ ပင်လယ်နဲ့ နယ်စပ်ကိစ္စပဲဖြစ်ဖြစ်၊ ဆိုက်ဘာ ဒါမှမဟုတ် အာကာသမှာပဲဖြစ်ဖြစ် ကဏ္ဍပေါင်းစုံမှာ ကျွန်တော်တို့နိုင်ငံကို ဆန့်ကျင်ဖို့ ကြိုးပမ်းလာသူတွေ အားလုံးကိုအနိုင်ယူဖို့ အိန္ဒိယမှာ စွမ်းရည်ရှိပါတယ်” ဟု မိုဒီက ကြေညာခဲ့သည်။

မိုဒီသည် သြဂုတ် ၁၅ ရက်ကမိန့်ခွန်းတွင် ယခင်လွတ်လပ်ရေး မိန့်ခွန်းသုံးခုထက် လေသံကိုလျှော့ချခဲ့ပြီး ၎င်း၏ပြောကြားချက်များသည် မည်သူ့ကို ရည်ရွယ်ကြောင်းလည်း မရှင်းလင်းခဲ့ပေ။ သို့သော် ဟိမဝန္တာရှိ မဟာဗျူဟာမြောက်သော ကုန်းပင်မြင့်နေရာ၌ အိန္ဒိယနှင့် တရုတ်တို့ နယ်မြေအငြင်းပွားမှု ဖြစ်ပွားနေသည်မှာ သြဂုတ် ၁၆ ရက်တွင် သုံးလပြည့်ပြီဖြစ်သည့်အချိန်၌ ယခုကဲ့သို့ မိုဒီ၏ပြောစကားများ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုနေရာတွင် ရာနှင့်ချီသော အိန္ဒိယနှင့် တရုတ်စစ်သားများသည် အပြန်အလှန် ထိပ်တိုက်တွေ့သည့် အခြေအနေ၌ရှိနေကြသည်။ ထို့ပြင်အိန္ဒိယသည် ပါကစ္စတန်နှင့် ရှည်ကြာသော ကက်ရှ်မီးယားနယ်စပ် အငြင်းပွားမှုကိစ္စလည်း ဖြစ်ပွားနေသည်။

မိုဒီသည် ယခုလွတ်လပ်ရေး မိန့်ခွန်းများထဲတွင် ၁၉၄၇ ခုနှစ်က မွတ်စလင်ကြီးစိုးသော ပါကစ္စတန်နိုင်ငံနှင့် ဟိန္ဒူကြီးစိုးသော အိန္ဒိယနိုင်ငံဟူ၍ ကွဲထွက်ခဲ့သည့်အကြောင်းကို တစ်စုံတစ်ရာ ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပေ။ ထိုသို့ကွဲသွားခဲ့ပြီးနောက်ပိုင်း ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများအတွင်း လူတစ်သန်းထက်မနည်း အသက်ဆုံးရှုံးခဲ့ရပြီး လူ ၁၅ သန်းခန့် နေရပ်များမှ ရွှေ့ပြောင်းထွက်ပြေးခဲ့ရသည်။

မိုဒီက ခြစားမှုများကို နှိမ်နင်းရေးနှင့် နိုင်ငံ့စီးပွားရေး ပြန်လည်ဖော်ဆောင်မှုများအား မိန့်ခွန်းထဲ၌ အလေးပေး၍ ပြောကြားခဲ့သည်။ ယမန်နှစ်က အိန္ဒိယအစိုးရသည် နိုင်ငံ၏ငွေစက္ကူ ၈၅ ရာခိုင်နှုန်းကို ဖျက်သိမ်းခဲ့ရာ ဝရုန်းသုန်းကား အခြေအနေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ရသည်။ မိုဒီက ၎င်း၏ထိုလုပ်ရပ်ကြောင့် တရားဝင်သော ဘဏ်စနစ်ထဲသို့ ငွေကြေးဒေါ်လာ ၄၆ ဘီလျံရောက်လာခဲ့သည်ဟု ပြောကြားခဲ့သည်။

“အိန္ဒိယဟာ အခုဆိုရင် ရိုးသားမှုအတွက် အောင်ပွဲခံနေပြီဖြစ်ပါတယ်။ ခြစားမှုတွေအတွက် ပုန်းခိုစရာနေရာ မရှိတော့ပါဘူး” ဟု မိုဒီက ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent