အမေရိကန်က ဆက်လက်အရေးယူပိတ်ဆို့နေပါက နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ရန်အသင့်ရှိဟု အီရန်သတိပေး

အမေရိကန်က ဆက်လက်အရေးယူပိတ်ဆို့နေပါက နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ရန်အသင့်ရှိဟု အီရန်သတိပေး
Published 16 August 2017


ဇူလိုင် ၂၂ ရက်က အီရန်ကာကွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ဓာတ်ပုံထဲ၌ အဆင့်မြှင့်ထားသော Sayyad-3 ဒုံးကျည်သစ်များအား တွေ့ရစဉ် (Photo: AFP)

အမေရိကန်သည် အီရန်အပေါ်တွင် ပိတ်ဆို့အရေးယူမှုအသစ်များကို ဆက်လက်တိုးမြှင့် လုပ်ဆောင်နေမည်ဆိုပါက ၂၀၁၅ ခုနှစ်က ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ရရှိခဲ့သည့် နျူကလီးယား သဘောတူညီချက်ကို အီရန်ဘက်မှ နာရီပိုင်းအတွင်း စွန့်ခွာရန် အသင့်ရှိနေသည်ဟု အီရန်သမ္မတ ဟက်ဆန်ရိုဟာနီက သြဂုတ် ၁၅ ရက်တွင် သတိပေးခဲ့သည်။

အမေရိကန်အစိုးရသည် ကောင်းမွန်သည့် မိတ်ဖက်မဟုတ်ကြောင်းကို ဒေါ်နယ်ထရန့်က ကမ္ဘာသို့ပြသနေသည်ဟုလည်း ရိုဟာနီက ၎င်း၏ပါလီမန်မိန့်ခွန်းထဲတွင် ထည့်သွင်းဝေဖန်သွားခဲ့သည်။ အမေရိကန်အစိုးရ က အီရန်အပေါ် ပိတ်ဆို့မှုအသစ်များကို ထပ်မံချမှတ်ပြီး အီရန်အစိုးရကလည်း ဒုံးကျည်စမ်းသပ်ပစ်ခတ်မှု အသစ်များကို လုပ်ဆောင်ခဲ့ကြသည်။ သို့သော် နှစ်ဖက်စလုံးက သဘောတူညီချက်ကို ချိုးဖောက်သည်ဟု အပြန်အလှန် စွပ်စွဲခဲ့ကြသည်။

ထိုစဉ် ရိုဟာနီက အမေရိကန်ဘက်မှ မလျှော့တမ်း ဆက်လက်လုပ်ဆောင်မည်ဆိုပါက အီရန်သည် ၂၀၁၅ ခုနှစ် သဘောတူညီချက်မှ ထွက်ခွာသွားရန် အသင့်ဖြစ်နေကြောင်း သတိပေးခဲ့ခြင်းဖြစ်သည်။ ထို ၂၀၁၅ ခုနှစ် သဘောတူညီချက်ကြောင့် အီရန်သည် ၎င်း၏ နျူကလီးယားစီမံကိန်းများကို ထိန်းချုပ်ခဲ့ပြီး အပြန်အလှန်အနေဖြင့် အီရန်အပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုအများစုကို နိုင်ငံတကာက ဖယ်ရှားခဲ့သည်။

“ခြိမ်းခြောက်မှုတွေ၊ ပိတ်ဆို့မှုအသုံးအနှုန်းတွေကို ပြန်သုံးဖို့ ကြိုးပမ်းနေသူတွေဟာ သူတို့အတိတ်က ယုံမှားလွန်မှုတွေရဲ့ အကျဉ်းသားပြန်ဖြစ်နေတာပါ။ သူတို့တတွေ အဲဒီအခြေအနေကို ပြန်သွားလိုတယ်ဆိုရင် လနဲ့ချီပြီး စောင့်စရာမလိုပါဘူး။ ရက်ပိုင်း ဒါမှမဟုတ် နာရီပိုင်းအတွင်း ပြန်သွားနိုင်ပါတယ်။ အများကြီး ပိုပြီးအားကောင်းလာတဲ့ ကျွန်တော်တို့ဘက်ကလည်း အရင်အခြေအနေကို ပြန်သွားမှာဖြစ်ပါတယ်” ဟု ရိုဟာနီက ပြောကြားခဲ့သည်။

အီရန်သည် ငြိမ်းချမ်းရေးနှင့် သံတမန်ရေးရာ အောင်ပွဲတစ်ခုဖြစ်သော နျူကလီးယား သဘောတူညီချက်ကို ဆက်လက်ဖက်တွယ်ရန် လိုလားသော်လည်း ယင်းသည် တစ်ခုတည်းသော ရွေးချယ်စရာနည်းလမ်း မဟုတ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
အမေရိကန်သည် အီရန်အတွက်သာမက ၎င်း၏မဟာမိတ်နိုင်ငံများအတွက်ပင် ယုံကြည်အားကိုးထိုက်သော မိတ်ဖက်နိုင်ငံ တစ်နိုင်ငံမဟုတ်သည့်အကြောင်းကို ထရန့်က ပြသနေသည်ဟု ရိုဟာနီက ပြောကြားခဲ့သည်။ အီရန်ပါလီမန်သည် သြဂုတ် ၁၂ ရက်ကပင် အမေရိကန်၏ ပိတ်ဆို့မှုအသစ်များကို တုံ့ပြန်သည့်အနေဖြင့် နိုင်ငံ၏ ဒုံးကျည်စီမံကိန်းနှင့် ပြည်ပစစ်ဆင်ရေးများအတွက် ဒေါ်လာဘီလျံဝက်ခန့်ကို အတည်ပြုပေးခဲ့သည်။

Ref: AFP

Most Read

Most Recent