နီပေါနှင့် အိန္ဒိယတွင် မုတ်သုံ ဘေးအန္တရာယ်များကြောင့် လူပေါင်း ၉၄ ဦးထက်မနည်း သေဆုံး

နီပေါနှင့် အိန္ဒိယတွင် မုတ်သုံ ဘေးအန္တရာယ်များကြောင့် လူပေါင်း ၉၄ ဦးထက်မနည်း သေဆုံး
Published 15 August 2017


သြဂုတ် ၁၃ ရက်က ခတ္တမန္ဒူတောင်-အရှေ့ဘက်ကီလိုမီတာ ၃၀၀ ခန့်အကွာ ဂျာနက်ပူရတွင် ရေကြီးနေမှုကို ကြည့်ရှုနေကြသူများ (Photo: AFP)

မုတ်သုံရာသီမိုးနှင့် မြေပြိုမှုများကြောင့် နီပေါနှင့် အိန္ဒိယတို့တွင် သေဆုံးသူ ၉၄ ဦးထက်မနည်းရှိပြီဖြစ်ကြောင်း သိရသည်။ ရေမြုပ်နေသော ကျေးရွာများနှင့် ရွှံ့မြေအောက်တွင် နစ်မြုပ်နေသူများကို ကယ်ဆယ်ရေးသမားများက ရှာဖွေနေပြီဖြစ်သဖြင့် သေဆုံးသူဦးရေသည် လျင်မြန်စွာမြင့်တက်လာနိုင်သည်ဟု အစိုးရအရာရှိများက ပြောကြားခဲ့သည်။

ကုန်းတွင်းပိတ်နိုင်ငံ နီပေါတစ်ဝန်း၌ သေဆုံးသူဦးရေသည် ၄၉ ဦးအထိ မြင့်တက်လာပြီဖြစ်ကြောင်း အာဏာပိုင်များက သြဂုတ် ၁၃ ရက်တွင် ထပ်မံထုတ်ပြန်ခဲ့သည်။ ထိုစဉ်ရေများမှာ ဆက်လက်မြင့်တက်နေသည့်အတွက် လူထောင်ပေါင်းများစွာသည် ကုန်းမြင့်ရာအရပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ “နောက်ထပ်လူ ၁၇ ဦးပျောက်ဆုံးနေပါတယ်။ ရှာဖွေကယ်ဆယ်မှုတွေကတော့ လုပ်နေတုန်းပဲဖြစ်ပေမယ့် ရေက အခုထက်ထိမကျသေးပါဘူး” ဟု နီပေါအမျိုးသား အရေးပေါ်ဌာနမှ အကြီးအကဲဖြစ်သူ ရှန်ကာဟာရီအက်ခါရာက ပြောကြားခဲ့သည်။ ကြက်ခြေနီအဖွဲ့မှ ခန့်မှန်းထုတ်ပြန်ချက်ထဲတွင်မူ သေဆုံးသူ ၅၃ ဦးအထိ မြင့်တက်လာကြောင်း၊ ပျောက်ဆုံးဒဏ်ရာရသူ ဒါဇင်ပေါင်းများစွာရှိပြီး နေအိမ်ထောင်နှင့်ချီ၍ ပျက်စီးခဲ့ကြောင်း ဖော်ပြခဲ့သည်။

အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင်မူ နိုင်ငံမြောက်ပိုင်း ဟိမဝန္တာဒေသ၌ ကြီးမားသော မြေပြိုမှုကြီးတစ်ခုဖြစ်ပွားခဲ့သည်။ ယင်းဖြစ်စဉ်အတွင်း ခရီးသည်တင် ဘတ်စ်ကားနှစ်စင်းသည် တောင်ပေါ်မှ လျှိုထဲသို့ကျသွားခဲ့ရာ လူပေါင်း ၄၅ ဦးသေဆုံးခဲ့ရသည်ဟု သိရသည်။ ထိုအဝေးပြေး ဇိမ်ခံကားနှစ်စင်းသည် သြဂုတ် ၁၂ ရက် သန်းခေါင်အချိန်က ဟီမာချယ်ပရာဒေ့ရှ်ပြည်နယ်ထဲတွင် လက်ဖက်ရည်သောက်ရန်အတွက် ရပ်နားနေကြစဉ် တန်နှင့်ချီလေးသော ကျောက်တုံးကြီးများ၊ ရွှံ့များ ပြိုကျလာခြင်းဖြစ်သည်။ မတော်တဆမှု ဖြစ်ပွားရာနေရာမှ အလောင်း ၄၅ လောင်းကို ပြန်လည်တွေ့ရှိခဲ့သည်။ သို့သော် လျှိုအောက်ခြေတွင် ပျောက်ဆုံးနေသူများ ရှိနေနိုင်သေးကြောင်း သိရသည်။ ယင်းကဲ့သို့ မြေမပြိုမီက ရက်ပေါင်းများစွာ မိုးများသည်းသည်းထန်ထန် ရွာသွန်းခဲ့သေးကြောင်း သိရသည်။

အိန္ဒိယတွင် မိုးသည်းထန်စွာ ရက်ရှည်ရွာသွန်းပြီးလျှင် တောင်ပေါ်ဒေသများ၏ မြေဆီလွှာများမှာ ပျော့လာကာတောင်ခြေတွင် တည်ထားသည့် ရွာများအတွက် နှစ်စဉ်နှစ်တိုင်း ခြိမ်းခြောက်မှုဖြစ်လျက်ရှိသည်။

အိန္ဒိယတွင် မိုးရာသီစတင်သော ဧပြီလကကတည်းက ရေကြီးမှု၊ မြေပြိုမှု၊ မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် လူရာနှင့်ချီ၍ သေဆုံးခဲ့ရပြီဖြစ်သည်။ မိုးရာသီသည် ဇွန်လနှောင်းပိုင်းမှ သြဂုတ်လကုန်အထိသာ ကြာမြင့်လေ့ရှိသည့် နီပေါနိုင်ငံတွင်မူ ယခုနှစ်မုတ်သုံကာလအတွင်း လူ ၁၀၀ ကျော်သေဆုံးခဲ့ပြီးဖြစ်သည်။

Ref: AFP

Most Read

Most Recent