ကင်ညာ အတိုက်အခံခေါင်းဆောင် အိုဒင်ဂါက ရွေးကောက်ပွဲရလဒ်အား စိန်ခေါ်ရန် နောက်ထပ်နည်းလမ်း စဉ်းစားနေ

ကင်ညာ အတိုက်အခံခေါင်းဆောင် အိုဒင်ဂါက ရွေးကောက်ပွဲရလဒ်အား စိန်ခေါ်ရန် နောက်ထပ်နည်းလမ်း စဉ်းစားနေ
Published 15 August 2017


သြဂုတ် ၁၃ ရက်က နိုင်ရိုဘီရှိ ဆင်းရဲသားရပ်ကွက် မက်သာရီရှိလမ်းပေါ်တွင် တုတ်များ၊ ခဲများကိုင်ဆောင်လျက် ရပ်နေသော ကင်ညာသမ္မတနှင့် မျိုးနွယ်တူ Kikuyu အဖွဲ့ဝင်များ (Photo: AFP)

ကင်ညာသမ္မတ ရွေးကောက်ပွဲသည် အကြံအဖန်ပြုလုပ်ထားသည်ဟု စွပ်စွဲခဲ့သော အတိုက်အခံခေါင်းဆောင် ရွိုင်လာအိုဒင်ဂါက နောက်ထပ်လုပ်ဆောင်မည့် အစီအစဉ်အား စဉ်းစားနေချိန်တွင် ယင်းရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြမှုတွင် သေဆုံးခဲ့သူများအတွက် ဝမ်းနည်းမှုအထိမ်းအမှတ်ပြုလုပ်ရန် သြဂုတ် ၁၄ ရက်တွင် နေအိမ်၌သာနေထိုင်ကြရန် ၎င်းကထောက်ခံသူများကို တိုက်တွန်းခဲ့သည်။

သြဂုတ် ၈ ရက်က သမ္မတရွေးကောက်ပွဲအပြီး လူဦးရေသုံးသန်းကျော်ရှိပြီး ပျားပန်းခပ်မျှစည်ကားသော မြို့တော်နိုင်ရိုဘီသည် လူသူကင်းမဲ့သွားခဲ့ပြီး ရက်ပေါင်းများစွာစိုးရိမ်မှုဖြင့် နေထိုင်ခဲ့ရပြီးနောက် ပြည်သူများအနေဖြင့် အလုပ်ခွင်ပြန်ဝင်ကြရန် အစိုးရတာဝန်ရှိသူများက တိုက်တွန်းခဲ့သည်။ သြဂုတ် ၁၃ ရက်တွင် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ခြင်းနှင့်အတူ အခြေအနေများသည် ပုံမှန်အနေအထားသို့ ဖြည်းဖြည်းချင်း ပြန်သွားနေခဲ့သည်။ ရွေးကောက်ပွဲရလဒ်ကို ကြေညာခဲ့သည့် သြဂုတ် ၁၁ ရက်ညတွင် လူသေဆုံးမှုရှိသော ဆန္ဒပြပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အိုဒင်ဂါထောက်ခံသူများက ၎င်း၏နောက်ထပ်အစီအစဉ်ကို စောင့်ဆိုင်းနေစဉ် ဆန္ဒပြမှုများ အရှိန်လျော့သွားခဲ့သည်။

အတိုက်အခံများ အင်အားကောင်းသော ဒေသများတွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြပဋိပက္ခများအတွင်း ရဲတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူ အများအပြားအပါအဝင် လူ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ရပြီဖြစ်ကြောင်း အေအက်ဖ်ပီ၏ မှတ်တမ်းတင်ထားမှုများအရ သိရသည်။

“ကျွန်တော်တို့တွေ မအောင်မြင်သေးဘူး။ လက်လျှော့သွားမှာမဟုတ်ဘူး။ သန်ဘက်ခါ (သြဂုတ် ၁၅ ရက်) ကျရင် နောက်ထပ်ဘာဆက်လုပ်မလဲဆိုတာ ကျွန်တော်ကြေညာသွားပါမယ်” ဟု အိုဒင်ဂါက သြဂုတ် ၁၃ ရက်တွင် နိုင်ရိုဘီရှိ ဆင်းရဲသားရပ်ကွက် ကီဘာရာတွင် ထောင်နှင့်ချီသောလူစုကို ပြောကြားခဲ့သည်။

လက်ရှိသမ္မတ အူဟူရူကင်ညက်တာ အနိုင်ရခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင် (IEBC) ၏ကြေညာချက်သည် အကြံအဖန်ဖြစ်ကြောင်း စွပ်စွဲခဲ့ပြီးနောက်ပိုင်း အိုဒင်ဂါက ယခုကဲ့သို့ ပထမဆုံးအကြိမ် လူမြင်ကွင်းသို့ ထွက်ခဲ့ခြင်းဖြစ်သည်။ အသက် ၇၂ နှစ်ရှိ အိုဒင်ဂါနှင့် ၎င်း၏အတိုက်အခံညွန့်ပေါင်း National Super Alliance (NASA) တို့က ယင်းရွေးကောက်ပွဲတွင် အမှန်တကယ်အနိုင်ရသူသည် အိုဒင်ဂါသာဖြစ်ကြောင်း ယုံကြည်နေကြပြီး အီလက်ထရွန်နစ် မဲရေတွက်သည့်စနစ်သည် ဟက်ကာလုပ်ခံခဲ့ရပြီး ခြယ်လှယ်ခံခဲ့ရကြောင်း ၎င်းတို့ကပြောကြားခဲ့သည်။

ရွေးကောက်ပွဲနေ့တွင် ငြိမ်းချမ်းစွာပြီးဆုံးခဲ့ပြီး IEBC သည် ယုံကြည်စိတ်ချရကြောင်း ပြည်ပစောင့်ကြည့်သူများက ပြောကြားခဲ့သော်လည်း မဲရေတွက်သည့်လုပ်ငန်းစဉ်နှင့် ပတ်သက်၍ မှတ်ချက်မပြုခဲ့ပေ။ အိုဒင်ဂါအနေဖြင့် ၎င်းအား ထောက်ခံသူများကို ဆန္ဒပြမှုများမှ ထိန်းချုပ်ပေးရန်နှင့် ရွေးကောက်ပွဲရလဒ်ကို စိန်ခေါ်ရာတွင် ဥပဒေနည်းကျလုပ်ဆောင်ရန် ကုလသမဂ္ဂ၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့က ၎င်းကိုတောင်းဆိုခဲ့သည်။

Ref: AFP

Most Read

Most Recent