မြန်မာနိုင်ငံ၌ ၂၀၁၈ ခုနှစ် နှစ်ကုန်အထိ လေးနှစ်အတွင်း ဒေါ်လာ ၂ ဒသမ ၄ ဘီလျံ ရင်းနှီးမြှုပ်နှံထားကြောင်း အူရီဒူး CEO ပြောကြား

မြန်မာနိုင်ငံ၌ ၂၀၁၈ ခုနှစ် နှစ်ကုန်အထိ လေးနှစ်အတွင်း ဒေါ်လာ ၂ ဒသမ ၄ ဘီလျံ ရင်းနှီးမြှုပ်နှံထားကြောင်း အူရီဒူး CEO ပြောကြား
Published 17 August 2018

မြန်မာနိုင်ငံ၌ လေးနှစ်တာ ကာလအတွင်း ၂၀၁၈ နှစ်ကုန်အထိ ဒေါ်လာ ၂ ဒသမ ၄ ဘီလျံ ရင်းနှီးမြှုပ်နှံထားကြောင်း အူရီဒူး CEO ဖြစ်သူ Mr. Vikram Sinda က သြဂုတ် ၁၆ ရက်တွင် ပြုလုပ်သည့် အူရီဒူး လေးနှစ်ပြည့် အခမ်းအနားတွင် ပြောကြားသည်။

အူရီဒူးအနေဖြင့် ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် လုပ်ငန်းစတင်ရန် ဆောင်ရွက်ခဲ့ပြီး ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ စတင် ရင်းနှီးမြှုပ်နှံခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် အူရီဒူးမြန်မာ ဆက်သွယ်ရေး ဝန်ဆောင်မှု စတင်ခဲ့ကြောင်း သိရသည်။

အူရီဒူး CEO Mr. Vikram Sinda က “ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှုဟာဆိုရင် အဲဒီအချိန်မှာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံကို မြှုပ်နှံခဲ့ပါတယ်။ ၂၀၁၈ အကုန်မှာဆိုရင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလျံကို ရင်းနှီးမြှုပ်နှံပြီးသား ဖြစ်ပါလိမ့်မယ်။ မြှုပ်နှံမှုတင် မဟုတ်ဘဲ အူရီဒူးအနေနဲ့ ရောက်တဲ့ နိုင်ငံမှာရှိတဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားကို CSR အနေနဲ့ ပြန်ပြီးတော့ လုပ်ထားခဲ့တာ ဒေါ်လာ ခြောက်မီလျံနီးပါး ရှိပါတယ်” ဟု ပြောကြားသည်။

ရင်းနှီးမြှုပ်နှံမှုများတွင် ဒီဂျစ်တယ်နှင့် နည်းပညာပိုင်းများစွာကို ရင်းနှီးမြှုပ်နှံထားကြောင်း၊ ပြည်သူ့အကျိုးပြု CSR လုပ်ငန်းများတွင် အဓိကအားဖြင့် ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍနှစ်ရပ်တွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် အူရီဒူးအနေဖြင့် 5G နည်းပညာတွင် ရင်းနှီးမြှုပ်နှံမည် ဖြစ်ကာ စတင် အကောင်အထည်ဖော်နေပြီ ဖြစ်ကြောင်း၊ ကနဦးခြေလှမ်းအနေဖြင့် 4G Pro ကို မန္တလေးတွင် စမ်းသပ်ခဲ့ပြီး 500 MB/s ထိ ဒေါင်းလုတ် လုပ်၍ရသည်အထိ စမ်းသပ်နိုင်ခဲ့ကြောင်း၊ ရန်ကုန်မြို့တွင်လည်း ဆောင်ရွက်နေကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ အမြန်ဆုံး Network နဲ့ အကျယ်ဆုံး Network ကို ယူဆောင်လာခဲ့တဲ့ အတွက်ကြောင့် ဒီနှစ် ဇန်နဝါရီမှာ 4G Pro ကို Test လုပ်ခဲ့ပါတယ်။ Test လုပ်ခဲ့ရာမှာ ကျွန်တော်တို့ 500 Mb အထိ ဒေါင်းလုတ် လုပ်လို့ရအောင် နည်းပညာအသင့် ဖြစ်နေပါတယ်” ဟု အူရီဒူး CEO Mr. Vikram Sinda က ပြောကြားသည်။

5G နည်းပညာနှင့် ပတ်သက်၍ အစိုးရထံ တင်ပြပြီး ခွင့်ပြုရန်အတွက် ဆောင်ရွက်ရမည်ဖြစ်ကာ အသုံးပြုရန် လက်ရှိဖုန်းများတွင် အသင့် မဖြစ်သေးကြောင်း၊ မည်သည့်ကာလတွင် ကြေညာမည်ကို အောက်တိုဘာလတွင် ပြန်လည် ပြောကြားနိုင်ကြောင်း သိရသည်။

၂၀၁၈ နှစ်ကုန်တွင် အူရီဒူးမြန်မာသည် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃၀၀ ကျော်တွင် 4G Plus ကွန်ရက် လွှမ်းခြုံပေးမည် ဖြစ်ကြောင်းနှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖိုင်ဘာဆက်သွယ် ချိတ်ဆက်မှု ကီလိုမီတာ ၁၅၀၀၀ အထိ ဖြန့်ကြက်နိုင်မည် ဖြစ်ကြောင်း သိရသည်။