နှစ်ချို့ဖီလင်

နှစ်ချို့ဖီလင်
Published 14 August 2018

Photo း Creative Digest

လမ်းလျှောက်ဟန်ကို အလွတ်ရနေတာကြာပြီ။ ဇာတ်ရံဖြစ်ဖို့တောင် အရည်အချင်းက ပြည့်မီတဲ့ ကောင်မဟုတ်ပါဘူး။ ညတိုင်း ဝတ္ထုတစ်ပုဒ် ဖတ်တယ်။ သူ့ကို မောင်းနှင်ထားတာ အောက်ဆီဂျင်တွေ မဟုတ်ဘူး။ သူကိုယ်တိုင် ရောထွေးထားတဲ့ သူ့ဘဝပါပဲ။ လူအဖြစ်ကို ရခဲ့တာကပဲ သူ့အကြောင်းကို ပြောစရာဖြစ်လာတယ်။

ရှုထောင့်ဆိုင်ကနေ ထိုင်ကြည့်နေလိုက်တယ်။ ငါ့ကိုယ်ငါ ပုန်းဝှက်လို့ပေါ့။ စာတိုက်ကလေးကို ငေးရီကြည့်နေမိတယ်။ ကဗျာလိုစာတွေ တစ်ပုဒ်စ နှစ်ပုဒ်စ မဂ္ဂဇင်းတွေ ပို့ခဲ့ဖူးတယ်။ စာတိုက်ကလေးရဲ့ စာရေးလေးလည်း သူ့စားဝတ်နေရေးရှိရမယ်။ ခေတ်က ပြောင်းလဲသွားပြီဆိုတော့ ထူးထူးခြားခြား စာတိုက်ကလေးကနေ စာပို့နေတဲ့သူတွေဆို သတိထားမိမှာပါပဲ။ ညိုက လမ်းလျှောက်လာခဲ့တယ်။ ဖုန်းစုတ်ကြီးတစ်လုံးနဲ့ အမြဲတမ်း မရေမရာ ဖြစ်မိတယ်။

ဘုရားသခင်တွေ ရန်ဖြစ်စရာ မလိုပါဘူး။ တွေးရမယ်။ သည်းခံရမယ်။ ဒါတွေက ဘုရားသခင်တွေ ဆုံးမသွားခဲ့တာပဲ မဟုတ်လား။ ငါတို့ပဲ ရန်ဖြစ်နေကြရတာ။ သူတို့ မေတ္တာမှာ သူတို့မေတ္တာကို ပြန်အောက်မေ့ မိတာပါပဲ။ အခန်းတံခါးကို ပိတ်ထားတယ်။ ဘယ်သူကမှ မမြင်စေချင်ဘူး။ ခေါင်းစဉ်တပ်ဖို့တော့ တမင်တကာ မေ့ထားလိုက်ပါပြီ။ မေတ္တာတရားနဲ့ပဲ ရေဆင်းမှာ နေထိုင်ကြပါတယ်။

ပန်းချီဆရာက ရေဆင်းကို လာတယ်။ အဲဒီအခန်းမှာပါပဲ။ ဆလိုင်းကို ပန်းချီဆရာက လက်ဆောင်ပေးခဲ့တာပါ။ ကိုဇုန်ရဲ့ နံရံမှာ ချိတ်တယ်။ ကျွန်တော်တို့က ဝိုင်းဝန်းခံစား ပစ်လိုက်ကြတာ။ ဗင်ဂိုးများ ငယ်ပေါင်းကြီး ဖော်တွေလိုလို။ ‘နိုးစမုတ်ကင်း အေရိယာ’ ပါပဲ။ အနုပညာဆိုရင် သောက်ခွင့်ပြုတယ်။ ကြေကွဲနေတဲ့ အနုပညာဇတွေ မြင်နေရသလိုလို။ ခင်ဗျားတို့က သာမန်ပါပဲ။

ဝန်ထမ်းလခနဲ့ ဘယ်လို ရပ်တည်မှာလဲလို့ တွေးမိခဲ့တာ ဝန်ထမ်းဖြစ်ကာစကတည်းကပဲ။ ဘာလိုလိုနဲ့ အသက်က သေလို့ရတဲ့ အရွယ်တဖြည်းဖြည်း ကပ်လာပြီ။ ကိုယ်လည်း မထွက်ချင်တော့ပါ။ ဘဝရဲ့ အကောင်းဆုံး အချိန်တွေကို ကုန်ဆုံးစေခဲ့ပြီပဲ။ အရာရာမှာ ကိုယ်တစ်တွေ မပြတ်သားတာတော့ကြာပြီ။ ခေတ်စနစ်ရယ်ကြောင့်လို့တော့ မဟုတ်ပါဘူး။ ပညာဆက်သင်ချင်စိတ်ကပဲ တင်းထားရတာပဲ မဟုတ်လား။

ရေဆင်းကျောင်း ပြန်တက်ရတော့ အသက်က ၃၀ ကျော်နေပါပြီ။ ကိုယ်နဲ့ စိတ်တူကိုယ်တူ ပေါင်းသင်းခဲ့ကြတဲ့ ကလေးတွေက ကိုယ့်ထက် အသက် ၁၀ နှစ်လောက် ကွာကြတာပါ။ ဒါပေမဲ့ သူတို့ရဲ့ အားပေးမှုတွေ၊ ဖေးမမှုတွေနဲ့ ခရီးဆက်လို့ပေါ့။ စက်ရုံက ပုဂ္ဂလိက ပိုင်လုပ်လိုက်တော့ လစာမဲ့နဲ့ တက်ရမယ် တဲ့။ နှမဖြစ်သူတွေရဲ့ လစာလေးတွေက ကိုယ့်ကျောင်းစရိတ် ဖြစ်လာခဲ့ရတာ တစ်နှစ်ကျော်၊ နှစ်နှစ်နီးပါးပါပဲ။ လုပ်ပေးနိုင်စွမ်းလည်း ရှိတဲ့၊ လုပ်ပေးချင်တဲ့ အစ်ကိုကြီး ကိုရဲထွန်းက ကယ်ခဲ့လို့ လစာလေးနဲ့ ပြန်ဖြစ်သွားရော။

ကိုယ်က Q မပါဘူး။ သိပ်လည်း မြင့်မြင့် မမှန်းချင်တော့ပါဘူး။ စာတွေ ဖတ်မယ်။ စာနည်းနည်း ရေးမယ်။ လူတွေနဲ့ တည့်အောင်နေမယ်။ အဲဒီလောက်ပဲ တွေးထားတာ။ တစ်ခါတလေ အကျပ်အတည်းတွေကြုံလာရင် ရုန်းဖို့ခွန်အားတွေ ဖြစ်လာရတယ်ဆိုတာပဲ။ တောသားဆိုတော့ အကပ်အရပ်လည်းရှိတာ မဟုတ်ဘူး။ အခက်အခဲတွေကတော့ ဒိုင်ယာရီနဲ့တောင် ဆံ့မှာမဟုတ်ဘူး။

ရှုထောင့်ဆိုင်မှာ ထိုင်ဖြစ်လာတယ်။ ကျောင်းသူလေးတွေ ငေးလို့ပေါ့။ ဘာရယ်တော့ မဟုတ်ပါဘူး။ ငယ်ဘဝတွေကို ပြန်လိုချင်တာ။ ဖိအားကတော့ နေရာတကာမှာ ရှိနေတာပါပဲ။ ဖိအားကို ဒေါသတွေနဲ့ မတုံ့ပြန်ဖို့ လျှော့ချထားရတာပဲ။ နေတတ်တော့ နေတတ်နေပါပြီလေ။ အပြင်မှာ ထုတ်ပြော လို့မရရင် စာမျက်နှာလေးတွေဆီ ရောက်ရောက်သွားတယ်။ ခုထိတော့ အဆင်ပြေနေတုန်းပါပဲ။ ဆရာမဆီက မက်ဆေ့ချ် ဝင်လာပြီ။

စာတိုက်ကလေးကို ငေးကြည့်နေမိတယ်။ ကဗျာဆရာကြီးဆလိုင်းက စာတိုက်ကနေ စာမူတွေ ပို့လေ့ရှိခဲ့တာ။ ချင်းတောင်က ပိုက်ဆံပို့ရင်လည်း စာတိုက်ကလေးကပဲ။ စာတိုက်ကလေးဆီ အပျော်တွေနဲ့လာတယ်။ အပျော်တွေနဲ့ ပြန်တယ်ဆိုတာပေါ့။ စာအုပ်တွေ သူ့ဆီက ဖတ်ဖြစ်တာများတယ်။ ဘဝကို စိတ်နာလွန်းလို့ စာအုပ်ဆို ကောက်မကိုင်ဖြစ်တဲ့ ကာလတွေအပြီးမှာပေါ့။

အဆောင်မှူးက ကိုယ့်ငယ်ဆရာလို့လည်း ပြောလို့ရတယ်။ သူတို့ အလုပ်ဝင်စကကိုယ်က ဒီပလိုမာဖိုင်နယ်။ မဆုံဖြစ်တော့ဘူး ဆိုပါတော့။ ဆယ်စုနှစ်တစ်ခုကြာတော့ ရေဆင်းဝင်ခွင့် ပြန်ဖြေရရော။ ဆရာနဲ့ တွေ့ပြီ။ဆရာက ကိုယ့်ကိုကြည့်ပြီး မဆိုးတော့နဲ့တဲ့။ ဆရာ့လက်အောက်မှာ ပျော်လိုက်တာ။ ကိုသဒိုးကြီး ကျေးဇူးတွေလည်း အများကြီးပါ။ ဗိုက်ဆာနေတဲ့အခါ သူ့လက်ဖက်ရည်ဝိုင်းမှာ ကပ်ထိုင်ခဲ့ရတာတွေ အများကြီး။ ခုထိပါပဲ။ ဗိုက်တောင် ဆာလာပြန်ပါပြီ။

အငြိမ့်တွေ ကကြပေါ့။ ဒေါက်တာဖြစ်တော့မယ့် ဆရာလေး ကိုကြည်မိုးက အားပေးတာပေါ့။ အခြောက်ကြီးတွေက သနပ်ခါးလားဘာလား လိမ်းကြတော့ လန့်လိုက်တာ။ အဆောင်မှူးရှေ့မှာ ဆင်ဆာအတွက် ဇာတ်တိုက်ကြတယ်။ သူ့ရှေ့မှာ မပျက်ရဲဘူး။ ဇာတ်ခုံပေါ်မှာ ချကြမယ်ပေါ့။ ချစ်မောင်တို့က ပါရမီပါတယ်။ ဥက္ကာရောပဲ။ ဇွဲလင်းဦးနဲ့ ကိုယ်ကတော့ နည်းနည်းပါးပါး ကစ်ထားသေးတယ်။ အငြိမ့်က တအားကောင်းလို့ လားမသိဘူး။ ငိုတဲ့သူက ငိုနဲ့။

လင်းဇင်းဆောင်ရှေ့ကနေ တက္ကသိုလ်ကျောင်းသူတွေ ဖြတ်သွားကြတယ်။ ကရိုးတို့ ဝေယံတို့နဲ့ ကယားကြီးလည်း ပါတယ်။ ဂီတာတွေတီးပြီး ပြောင်ကြတာ။ ကိုယ်လည်းကိုယ့် အသက်တွေ ဘာတွေ ထည့်မရေတော့ပါဘူး။ ပျော်တယ်။ “ခုထက်ထိ မှတ်မိသေးတယ်၊ စာဆိုလည်း မင်းကတော်တယ်” ဘာညာပေါ့။ သနပ်ခါးလေး လိမ်းလာတယ်။ တို့ရွာသူတွေလည်း ပါမှာပေါ့။ အဆောင်မှူးလည်း ဂျပန်တွေဆီ ပါရဂူဘွဲ့သွားယူပြီ။ မင်္ဂလာဆောင်တော့ ပျော်လိုက်ကြတာ ကိုယ်တစ်တွေလေ။  မောင်စိန် အလျှောက်ကောင်းတော့ Red တွေ ဘာတွေ ရလိုက်သေး။ ဘွဲ့ယူတုန်းက ဒင်နာမှာပါ။ ဆရာလည်း သူ့အကြောင်းတွေ ထည့်ရေးတာ ပြုံးပြုံးကြီးနေနေမှာ။ ကဗျာဆရာတွေရခဲ့တာ ရေဆင်းက ကံကောင်းနေတယ် မဟုတ်လား။

ခုတော့ ကွန်ပျူတာခလုတ်အပေါ်မှာ လက်တွေပြေးလွှားနေပါတယ်။ ခေါင်းစဉ် တစ်ခုရဖို့ လိုတယ်။ မနက်ဖြန် ပါမောက္ခနဲ့ တွေ့ရမယ်။ ဂူးဂဲလ်စကော်လာထဲ Enter အကြိမ်ကြိမ်ခေါက်ရင်း မိုးတွေ လင်းလုမတတ်။ အဆင်မပြေလိုက် ပြန်ဖျက်လိုက်နဲ့ ငိုရမယ့် နှုတ်ခမ်းတွေက ပြုံးနေတယ်။ တစ်ခုမှ မစနိုင်သေးဘူး။ ဘာမှအပြီးမသတ်နိုင်သေးဘူး။ ‘ဘဝဟာ တိုက်ပွဲဖြစ်တယ်’ လို့ ဆိုကြတယ်။ လက်စမသတ်နိုင်တဲ့အဆုံး ကြည်အေးရဲ့ ဝတ္ထုတိုတစ်ပုဒ် ကောက်ဖတ်လိုက်တယ်။ လင်ဖြစ်သူ ဒါရိုက်တာက ဇနီးဖြစ်သူ ပြဇာတ်မင်းသမီးကို စင်တင်ခဲ့တယ်။ ဇနီးဖြစ်သူနဲ့ ဒါရိုက်တာကြား အားပြိုင်ခန်းတွေ။ ဖတ်ရင်းမောသွားတယ်။ ကိုယ်က ဇာတ်ကောင်တောင် မဖြစ်ဝံ့တော့ဘူး။ အဇ္ဈတ္တဆိုတာ အမြဲပြိုင်နေတယ်။ ကိုယ့်ကိုယ်ကိုယ် ရှုံးနိမ့်နေခြင်းလား။ သဘာဝတရားပဲဖြစ်မယ်။

ကော်ဖီခွက်ထဲကို ယင်ကောင်တစ်ကောင် ပြုတ်ကျလာတယ်။ အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲ ဖြစ်နေတယ်လို့ ဆိုတယ်။ သောက်လက်စ ကော်ဖီခွက်က ဈေးတက်ဦးမယ်တဲ့။ ယင်ကောင်ကို ဆယ်ယူလိုက်တယ်။ ဘယ်သူမှ သတိထားမိမှာ မဟုတ်လို့ ကော်ဖီတစ်ငုံ သောက်လိုက်တယ်။ အတွေးကို လက်စသတ်လိုက်ပြီး ဒိုးလုံးသီချင်းကို ညည်းမိတယ်။ ညိုက ခြေလှမ်းလေး လှမ်းလာတယ်။ မသက်ဆိုင်လို့လည်း ခြေလှမ်းတွေ မရေတွက်ရဲတော့ဘူး။ ဆရာ ဗန်းမော်တင်အောင်ရဲ့ ဝတ္ထုထဲကလို ကိုယ့်ဇာတ်ကောင်ကို ကိုယ်မနိုင်တဲ့ အခြေအနေမျိုးပဲ။ ကုန်သွယ်ရေးစစ်ပွဲက နိုင်ငံငယ်လေးတွေ အများကြီး ထိခိုက်နိုင်တယ်လို့ ဆိုတယ်။ ကိုယ်တောင်မှပဲ ကော်ဖီခွက်ထဲက ယင်ကောင်တစ်ကောင် ဖြစ်သွားနိုင်တယ်။ ရေဆင်းက ရှုထောင့်ဆိုင်လေးမှာ ဇာတ်ရှိန်မြင့်လာတယ်။

လမ်းကလေး စိုမသွားရအောင် ထီးဆောင်းပြီး လာခဲ့လိုက်တယ်။ ခြေလှမ်းလေးတွေက မိုးရေတွေ စိုစွတ်လို့ပေါ့။ ယုံကြည်မှု နည်းနည်းလာရတဲ့ အကြောင်းရင်းတွေကလည်း သူနဲ့တော့ မသက်ဆိုင်ပါဘူးလေ။ မိုးစက်ကလေးတွေ ခုန်ပေါက်လို့။ ဝါးပင်တွေကတော့ ရယ်မောနေကြတာလားမသိ။ ဝိညာဉ်နဲ့ မကွဲတဲ့ စိတ္တဇတွေလည်း မပေါ့ပါးတော့ဘူးရယ်။ ပျော်တယ် ထင်ရပေမယ့် မပျော်နိုင်ဘူး။ သုတေသနသမားတစ်ယောက် ထမ်းထားရမယ့် တာဝန်တွေက များပြားလှတယ်။ တစ်ခါတလေ ကောင်းကင်အစွန်းကနေ ခုန်ချချင်လိုက်တော့တာ။

မဖြစ်သေးဘူး။ ကိုယ့်သမိုင်းကို ကိုယ်ရေးရမယ်တဲ့။ ဘယ်သူက ပြောပြသွားတာလဲ မသိပါဘူး။ မရေးချင်ဘဲနဲ့တော့ မရေးခိုင်းဘဲနေလေ။ ရှာဖွေလိုမှုဟာ သင်ရဲ့ သိလိုစိတ်ကို မောင်းနှင်ထားပြီးပြီ။ ဆက်လို့လည်ပတ်နေမယ့် အတွေးက ငါ့ကိုတဖြည်းဖြည်း သတ်လို့သွားတော့မယ် ထင်တယ်။ မျက်လုံးတွေက သိနေတယ်။ အချစ်ဆိုတာ အရွယ်မရွေးရဲ့ဒုက္ခ။ ဒီအတက်ကလေးရောက်ရင် ခဏတော့ နားဦးမှပဲ။ မိုးရေနဲ့ဆိုတော့ အဆွေးတွေ မမြင်လိုက်ရတော့ဘူးပေါ့ ညိုရယ်။

ဘယ်သူတွေ တီထွင်သွားကြတာလဲ မသိပါဘူး။ နှစ်ချို့ဝိုင်တွေရဲ့ အဆွေးမျိုးပါပဲ။ ဘဝကို အချဉ်ဖောက်ကြည့်တဲ့အခါ မျက်ရည်တွေက ပိုချိုလာတယ်။ ချွေးတွေက ခါးလာတယ်။ အသက်ရှူရတာလည်း နေကောင်းနေဖို့ချည်း မဟုတ်ပြန်ဘူး။ မြင့်မြင့်ပျံတိုင်းအန္တရာယ်ကင်းနိုင်တာမှ မဟုတ်တာ။

ဖိအားထဲ ရုန်းနေရတဲ့ ငှက်တွေလိုပါပဲ။ လူတိုင်း မျှော်လင့်ချက်တွေနဲ့။ အိပ်မက်တွေက အမြန်ရင့်မှည့်လာနေကြပြီ။ ရာသီဥတုက အမြဲတမ်း အပြောင်းအလဲရှိတယ်။ စိန်ခေါ်သံတွေပဲ။ လူအဖြစ် စာရင်းသွင်းထားမိပြီပဲ။ ချရုံပေါ့။ ဖိအားတွေကို အကောင်းဆုံးတုံ့ပြန်ဖို့က ငြိမ်သက်နေခြင်းပါတဲ့။ မုန်တိုင်းမလာခင် လေငြိမ်တတ်တာကတော့ သတိထားမိလိုက်တယ်။ နှစ်ချို့နေတဲ့ အတွေးတွေပေါ့။

Most Read

Most Recent