ဇူလိုင် ၃၀ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန်ချိုးပြီး တစ်ဒေါ်လာ ကျပ် ၁၄၄၀ အထိ မြင့်တက်ခဲ့ကာ ပို့ကုန်ရငွေ ၁၄၅၆ ကျပ်၊ စင်ကာပူဘဏ် စာရင်းဈေး ကျပ် ၁၄၆၀ အထိ ရောက်ရှိလာ ကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။
အမေရိကန်ဗဟိုဘဏ် အစည်းအဝေးများနှင့် အဓိကကျသည့် စီးပွားရေးဒေတာများ ဆက်လက်မထွက်ပေါ်မီ ဒေါ်လာမှာ အားကောင်းမောင်းသန်ဆက်ဖြစ်နေပြီး တရုတ်ယွမ်ငွေဈေးသည် ဆက်လက်ကျဆင်းနေသည်။ ဗဟိုဘဏ်အစည်းအဝေးတွင် အတိုးနှုန်း ဆက်လက်တိုးမြှင့်မှုကိစ္စ အလားအလာကောင်းများ ဖြစ်ပေါ်ပါက ဒေါ်လာမှာ အမြင့်ပိုင်းတွင် ရပ်တည်နေဦးမည်ဖြစ်ပြီး တရုတ်ယွမ်ငွေကျဆင်းမှုက ရွှေနှင့် အခြားအာရှငွေကြေးတန်ဖိုးများကို ဝန်ပိစေနိုင်သည်။ တရုတ်ယွမ်ငွေမှာ ဒေါ်လာနှင့်ယှဉ်လျှင် ဆက်လက်အားပျော့နေပြီး ဇူလိုင် ၃၀ ရက်တွင် တစ်ဒေါ်လာ ၆ ဒသမ ၈၃ ယွမ်ဝန်းကျင်ဖြစ်နေကာ ကျပ် ၁၀၀ လျှင် ၀ ဒသမ ၄၇ ယွမ်ဝန်းကျင် ဖြစ်သည်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ပြည်တွင်းဈေးကွက်သမိုင်းတစ်လျှောက် အမြင့်ဆုံးငွေလဲနှုန်းထားအဖြစ် ၁၄၃၈ ကျပ်အထိ ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀ ဖြင့် စံချိန်ချိုးခဲ့ခြင်း ဖြစ်သည်။ ၂၀၁၈ ခုနှစ် ဇွန်လဒုတိယပတ်မှစတင်ကာ ဒေါ်လာဈေးများ မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ဇွန် ၁၁ ရက်မှ ဇူလိုင် ၃၀ ရက် အထိ တစ်ဒေါ်လာ ကျပ် ၉၄ အထိ မြင့်တက်ခဲ့ကာ ယင်းကာလအတွင်း မြန်မာကျပ်ငွေ တန်ဖိုး ၆ ဒသမ ၉၈ ရာခိုင်နှုန်းကျဆင်းခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ငါးလအတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းများမှာ ဖေဖော်ဝါရီတွင် ၉၀ ဒသမ ၄၃ ပွိုင့်၊ မတ်တွင် ၉၀ ဒသမ ၃၇ ပွိုင့်၊ ဧပြီတွင် ၉၁ ဒသမ ၇၁ ပွိုင့်၊ မေတွင် ၉၄ ဒသမ ၈၃ ပွိုင့်၊ ဇွန်တွင် ၉၅ ဒသမ ၂၁ ပွိုင့်ဖြစ်ပြီး ဇူလိုင် ၃၀ ရက်တွင် ၉၄ ဒသမ ၅၀ ပွိုင့်ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။
၂၀၁၈ ခုနှစ် မေလမှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း သိသိသာသာ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်းအနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဇန်နဝါရီတွင် ၁၃၂၃-၁၃၅၄ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၂၃-၁၃၃၁ ကျပ်၊ မတ်တွင် ၁၃၂၆-၁၃၃၄ ကျပ်၊ ဧပြီတွင် ၁၃၂၄-၁၃၃၂ ကျပ်၊ မေတွင် ၁၃၃၂-၁၃၅၁ ကျပ်၊ ဇွန်တွင် ၁၃၄၅-၁၄၀၇ တို့ဖြစ်ပြီး ဇွန်လတွင် ကွာဟချက်အများဆုံး ဖြစ်ခဲ့သည်။
ပြည်တွင်းဈေးကွက်တွင် ဇွန်လလယ်မှစ၍ ဒေါ်လာဈေးသိသိသာသာ စတင်လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ဇွန် ၁၁ ရက်တွင် ၁၃၄၆ ကျပ်ဝန်းကျင်ဖြစ်ပေါ်နေသော ဒေါ်လာဈေးသည် ဇွန် ၂၀ ရက်တွင် ၁၃၆၈ ကျပ်၊ ဇွန်၂၈ ရက်တွင် ၁၄၀၇ ကျပ်ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။ ဇူလိုင် ၁ ရက်တွင် ၁၃၈၄ ကျပ်အထိကျဆင်းခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် ကျပ် ၁၄၀၀ ၊ ဇူလိုင် ၁၁ ရက်တွင် ၁၄၀၆ ကျပ်၊ ဇူလိုင် ၁၂ ရက်တွင် ကျပ် ၁၄၁၀၊ ဇူလိုင် ၁၆ ရက်တွင် ၁၄၁၁ ကျပ်၊ ဇူလိုင် ၁၇ ရက်တွင် ၁၄၁၅ ကျပ်၊ ဇူလိုင် ၁၈ ရက်တွင် ၁၄၂၆ ကျပ်၊ ဇူလိုင် ၂၀ ရက်တွင် ၁၄၂၉ ကျပ်၊ ဇူလိုင် ၂၄ ရက်တွင် ၁၄၃၂ ကျပ်၊ ဇူလိုင် ၂၅ ရက်တွင် ၁၄၃၆ ကျပ်၊ ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀ အထိ မြင့် တက်ခဲ့သည်။ ဇူလိုင် ၃၀ ရက်တွင် သတ်မှတ်ထားသော ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်းမှာ ကျပ် ၁၄၂၇ ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းဈေးကွက်အတွင်း ဇူလိုင် ၃၀ ရက်တွင်ဖြစ်ပေါ်သော အခြားနိုင်ငံခြား ငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၁၆၇၅ ကျပ်၊ စင်ကာပူဒေါ်လာ ၁၀၆၀ ကျပ်၊ မလေးရှားရင်းဂစ် ၃၄၈၉ကျပ်၊ ထိုင်းဘတ် ၄၃ ဒသမ ၇၀ ကျပ်၊ တရုတ်ယွမ် ၂၁၀ ဒသမ ၅ ကျပ်၊ ဂျပန်ယန်း ၁၂ ဒသမ ၈၅ ကျပ်၊ တောင် ကိုရီးယားဝမ် ၁ ဒသမ ၃၈ ကျပ် ဖြစ်သည်။