
ရန်ကုန်မြို့တွင် YBS စီးနင်းနေသော ခရီးသွားပြည်သူများအား တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
လက်ရှိတွင် YBS ယာဉ်လိုင်းပေါင်း ၉၁ လိုင်းအထိ ရှိလာပြီး ကားအစီးရေ ၃၀၀၀ ခန့်တွင် GPS များ တပ်ဆင်ပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။
“ယခုအခါမှာ ရန်ကုန်တိုင်း အစိုးရအဖွဲ့အနေနဲ့ ခရီးသွားပြည်သူတွေ ပိုမိုအဆင်ပြေစွာ သွားလာနိုင်ဖို့ မော်တော်ယာဉ်သစ် အစီးရေ ၁၀၀၀ ကို ဝယ်ယူခဲ့ပါတယ်။ ဝယ်ယူခဲ့ပြီးတော့ အစိုးရပါဝင်သော အများပိုင်ကုမ္ပဏီ YBPC နဲ့ YUPT နှစ်လိုင်းကို အစီးရေ ၅၀၀ ခွဲဝေပေးပြီးတော့ ကုမ္ပဏီတွေအနေနဲ့လည်း ယာဉ်လိုင်းတွေမှာ စတင်ပြီးတော့ ပြေးဆွဲနေပြီဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ထို့ပြင် ကျောင်းသား ကျောင်းသူတွေ သွားလာရေး အဆင်ပြေ စေနိုင်ရန်အတွက် ကျောင်းကားအစီး ၂၀၀ ကိုလည်းဝယ်ယူပြီး ကျောင်းကားများ ပြေးဆွဲနိုင်ဖို့ စီစဉ်ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ယခု ရန်ကုန်မြို့တော်အတွင်း ပြေးဆွဲနေတဲ့ ယာဉ်လိုင်းပေါင်း ၉၁ လိုင်းမှာ နေ့စဉ်ပြေးဆွဲနေတဲ့ ကားအစီးရေ ၃၀၀၀ ကျော် ၄၀၀၀ ဝန်းကျင်ပေါ့နော်။ အဲဒီမှာ GPS တပ်ဆင်ပြီးတဲ့ ကားအစီးရေက ၃၀၀၀ ဝန်းကျင် ဖြစ်သွားပြီဖြစ်ပါတယ်။ သတ်မှတ်ခရီးစဉ်အတိုင်း ပြေးဆွဲခြင်းရှိမရှိ၊ သတ်မှတ်မိုင်နှုန်းတွေအတိုင်း ပြေးဆွဲခြင်း ရှိမရှိကိုလည်း Control Center ကနေ စောင့်ကြပ်ထိန်းသိမ်းလျက် ရှိပါတယ်” ဟု ဝန်ကြီးဒေါ်နီလာကျော်က ပြောကြားသည်။
“ဇူလိုင် ၁၆ ရက် ၂၀၁၇ ကနေ စပြီးတော့ ခြောက်လကျော်ကာလ အတွင်းမှာ ယခင်ကရှိခဲ့တဲ့ ယာဉ်လိုင်းတွေကို စုစည်းပြီးတော့ အများပိုင်ကုမ္ပဏီကို တည်ထောင်ပြီး ကျွန်မတို့ YBS စနစ်ကို စုစုပေါင်း ယာဉ်လိုင်း ၉၁ ခုရှိပါပြီ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေတဲ့ ကုမ္ပဏီယာဉ်လိုင်းများမှာ အဲကွန်းဘတ်စ်တွေရော အခုဆိုရင် Cash Box တွေတပ်ဆင်ပြီးတော့ Cash Box တွေနဲ့ အားလုံးအပြိုင်အဆိုင် ကိုယ်ရကိုယ်ယူစနစ်နဲ့ ပြေးဆွဲတာမှာ ယာဉ်လိုင်းရဲ့ အဆင်မပြေမှုတွေ အများကြီး ဖြစ်ပေါ်ခဲ့ရတဲ့အတွက် ကိုယ်ရကိုယ်ယူစနစ်ကို အများပိုင်ယာဉ်လိုင်းများစနစ်နဲ့ ဘုံစနစ်ကို သွားကြဖို့အတွက် ကျွန်မတို့ ဒီဟာကို ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်” ဟု ဝန်ကြီးဒေါ်နီလာကျော်က ပြောကြားသည်။















