
ရှမ်းပြည်နယ်တောင်ပိုင်း မြို့တော်တောင်ကြီးမြို့တွင် H1N1 ရောဂါသံသယရှိသူ ကလေးငယ်တစ်ဦးကို တွေ့ရှိထားပြီး ရောဂါကုသရေး သီးသန့်ဆောင်တွင်ထားရှိကာ ကြပ်မတ်ကုလလျက်ရှိကြောင်း တောင်ကြီးမြို့၊ အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ခင်မို့မို့က သြဂုတ် ၄ ရက်ညနေ ၆ နာရီတွင် အတည်ပြုပြောကြားသည်။
သြဂုတ် ၄ ရက်တွင် ရောဂါသံသယရှိသူ ကလေးငယ်ကို စတင်တွေ့ရှိခြင်းဖြစ်ပြီး ကလေးငယ်မှာ အသက်ငါးနှစ်အရွယ်ရှိသော မိန်းကလေးတစ်ဦးဖြစ်ကာ ဟဲဟိုး၊ အင်းခေါင်းကျေးရွာမှ တက်ရောက်ရောဂါကုသသော ကလေးငယ်ဖြစ်ကြောင်း၊ တောင်ကြီးမြို့ အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံကြီးတွင် သီးသန့်ကုသဆောင်အတွင်း ထားရှိကာ သေချာစွာကြပ်မတ်ကုသလျက်ရှိကြောင်း ကလေးအခြေအနေမှာ စိုးရိမ်စရာမရှိကြောင်း သိရသည်။
“H1N1 ရောဂါသံသယရှိတဲ့ ကလေးငယ်တစ်ဦးကို တွေ့ရှိထားတာပါ။ သံသယအဆင့်ပေါ့နော်။ သီးသန့်ဆောင်မှာ ပို့လိုက်တယ်။ သွားကြည့်ရင် PPE ကာကွယ်တဲ့ ဝတ်စုံတွေနဲ့ဝတ်ဆင်ပြီး သွားကြည့်တယ်။ လိုအပ်တဲ့ ကုသမှုတွေပေးနေတယ်။ ကလေးလေးက လန်းနေပါတယ်။ ပြည်နယ်မှူးတွေလည်း အင်းခေါင်းကို ဆင်းသွားပါပြီ။ စစ်ဆေးနေပါတယ်” ဟု အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံကြီးမှ ဆရာဝန်ကြီး ဒေါက်တာဒေါ်ခင်မို့မို့က ပြောကြားသည်။
အဆိုပါလူနာသည် H1N1 ရောဂါသံသယအဆင့်ဖြစ်ပြီး ရာသီတုပ်ကွေးရောဂါ အဆင့်ဖြစ်သော Influenza Type-A အမျိုးအစားဖြစ်ကြောင်း၊ လူနာ၏ နှာခေါင်းတို့ပတ်ကိုယူပြီး ရန်ကုန်ရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ပေးပို့ထားကာ နောက်တစ်နေ့ညနေတွင် အဖြေကိုသိရှိရမည်ဖြစ်ကြောင်း သိရသည်။
“H1N1 မဟုတ်သေးဘူး။ Influenza A Positive အဆင့်ပဲရှိသေးတယ်။ Type A ရဲ့ Positive ကိုပြောပြတာ။ H1N1 အတွက်ကို နှာခေါင်းတို့ပတ်ယူထားတယ်။ ဒီနေ့ပဲ အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနကိုပို့လိုက်ပြီ။ မနက်ဖြန်ညနေသိရမယ်။ ကွဲကွဲပြားပြားသိရမယ်။ လောလောဆယ်က A-Positive ဖြစ်တိုင်း H1N1 မဟုတ်ဘူး။ ဖြစ်နိုင်တဲ့အခြေအနေ၊ နှာခေါင်းတို့ပတ်ကို ပြန်လာတဲ့အဖြေကို ကြည့်ပြီးတော့ H1N1 ကို အတည်ပြုရမှာဖြစ်တယ်။ အခုကတော့ Influenza A ဖြစ်တယ်။ အင်းခေါင်းကို ပြည်သူ့ကျန်းမာရေးဦးစီးကနေ ကျွန်တော်သွားခိုင်းထားတယ်။ သူက အမွှာကလေးလေးဖြစ်နေတယ်။ အမွှာဆိုတော့ နှစ်ယောက်ထဲက တစ်ယောက်ဆိုတော့ သွားကြည့်ခိုင်းထားတယ်။ ဖျားနေမှာစိုးလို့၊ နောက်တစ်ခုက ဖျားပြီးတော့မလာဘဲ ကျန်မှာစိုးလို့ သေချာအောင်သွားကြည့်ခိုင်းတယ်။ နောက်တစ်ခုကတော့ ထုံးစံအတိုင်းပဲ တခြားဖျားနေသူတွေရှိသေးလားဆိုတာ ထပ်ရှာခိုင်းတာပေါ့။ အဓိကတော့ စောစောစီးစီး လူနာကိုတွေ့ရင်ကုမယ်ဗျာ။ လက်ဦးမှုရထားတာပေါ့” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်မှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်က ပြောကြားသည်။
အဆိုပါရာသီတုပ်ကွေး သံသယအဆင့် ရောဂါဖြစ်ပွားသူနေထိုင်ရာ ဟဲဟိုးမြို့၊ အင်းခေါင်းရွာသို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးကာ လူနာကလေးငယ်၏ အမွှာတစ်ယောက်ကိုလည်း တုပ်ကွေးရောဂါ ဖြစ်ပွားခြင်း ရှိ၊ မရှိနှင့် အခြားဘေးပတ်ဝန်းကျင်တွင်လည်း ဖြစ်ပွားသူရှိ၊ မရှိ စုံစမ်းစစ်ဆေးမှုပြုနေကြောင်း ဒေါက်တာစိုင်းဝင်းဇော်လှိုင်က ပြောကြားသည်။
Writer - စည်သာ (တောင်ကြီး)















