၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလိုငွေ ဒေါ်လာတစ်ဘီလျံဟုသာ ခန့်မှန်းထားသော်လည်း ပထမလေးလပတ်တွင်ပင် လိုငွေ ၁ ဒသမ ၇၇ ဘီလျံကျော် ဖြစ်ပေါ်နေ

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလိုငွေ ဒေါ်လာတစ်ဘီလျံဟုသာ ခန့်မှန်းထားသော်လည်း ပထမလေးလပတ်တွင်ပင် လိုငွေ ၁ ဒသမ ၇၇ ဘီလျံကျော် ဖြစ်ပေါ်နေ
Published 31 July 2017

တရုတ်နိုင်ငံနှင့် ကုန်သွယ်ရာ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းရှိ သွင်းကုန်စစ်ဆေးရေးစခန်းအား တွေ့ရစဉ်

လက်ရှိဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန် တန်ဖိုး ဒေါ်လာ ၁၄၀၀၀ သန်းနှင့် သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၅၀၀၀ သန်းဟု ခန့်မှန်းထားသဖြင့် ကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၂၉၀၀၀ သန်းဖြစ်ပြီး ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ သန်း ၁၀၀၀ (တစ်ဘီလျံ)ဖြစ်မည်ဟု ခန့်မှန်းထားသော်လည်း ပထမလေးလပတ်ဖြစ်သည့် ဇူလိုင်လကုန်ပိုင်းအထိ ကုန်သွယ်မှုလိုငွေ ပမာဏမှာ ဒေါ်လာ ၁ ဒသမ ၇၇ ဘီလျံကျော် ဖြစ်ပေါ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ ဒေါ်လာကိုးဘီလျံကျော် ရှိလာပြီး သွင်းကုန်တင်သွင်းမှု မြင့်တက်နေသဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၇၇ ဘီလျံကျော် ဖြစ်ပေါ်နေသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၂၁ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ ၉၄၅၂ ဒသမ ၈၄၉ သန်းရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၁၅၈၇ ဒသမ ၄၁၇ သန်း ပိုမိုခဲ့ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ် ဇူလိုင် ၂၁ ရက်အထိ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာကိုးဘီလျံကျော်တွင် ပို့ကုန်တန်ဖိုး ဒေါ်လာ ၃၈၄၁ ဒသမ ၁၃၆ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၅၆၁၁ ဒသမ ၇၁၃ သန်း ပါဝင်ကြောင်း သိရသည်။ သွင်းကုန်တန်ဖိုးမှာ ပို့ကုန်တန်ဖိုးထက် များပြားနေသဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁၇၇၀ ဒသမ ၅၇၇ သန်း ဖြစ်ပေါ်နေကြောင်း သိရသည်။

ကုန်သွယ်မှုဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရားမဝင်ကုန်သွယ်မှုများကို ထိန်းချုပ်ခြင်း လုပ်ဆောင်နိုင်မှု မရှိသဖြင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုလိုငွေမှာလည်း နှစ်စဉ်မြင့်မားနေကာ ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် ကုန်သွယ်မှုစာရင်းများအရ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၉၁ ဒသမ ၉ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၂၅၅၅ ဒသမ ၅ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၄၉၁၂ ဒသမ ၅၅၉ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၅၄၀၇ ဒသမ ၄၆၄ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ငါးဘီလျံကျော် ဖြစ်ပေါ်ခဲ့ကြောင်း ကုန်သွယ်မှုဆိုင်ရာ စာရင်းများအရ သိရသည်။

Writter : မင်းသီဟဇော်၊ ဖြိုးဝေ

Most Read

Most Recent