
မြိတ်မြို့သို့ နယ်စပ်နှင့် အခြားမြို့များမှ ကြက်နှင့်ဝက်တင်သွင်းမှု တစ်လပိတ်ပင်လိုက်ပြီး မွေးမြူရေးခြံများသို့ တာဝန်ရှိသူများ ဇူလိုင် ၂၆ ရက်က ဝင်ရောက်စစ်ဆေးစဉ်
တရားမဝင် ကြက်၊ ဘဲနှင့် ကြက်၊ ဘဲထွက်ပစ္စည်းများ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်းများ လုံးဝမပြုလုပ်ရန် ကြက်သား၊ ဘဲသား၊ ကြက်ဥ၊ ဘဲဥလုပ်ငန်းရှင်များနှင့် ပင်လယ်စာရောင်းချသည့် ဆိုင်များသို့ အသိပေး အကြောင်းကြားထားကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း၊ တရားမဝင်တင်သွင်း၊ တင်ပို့ခြင်းဆိုင်ရာ ကြီးကြပ်မှုကော်မတီကို ပြည်ထောင်စုအဆင့် တိုင်းဒေသကြီးအလိုက် ဖွဲ့စည်းထားပြီး ပြည်ပမှ တရားမဝင် ကြက်သား၊ ကြက်ဥ၊ ဘဲသား၊ ဘဲဥနှင့် ကြက်၊ ဘဲထွက်ပစ္စည်းများ တင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းတို့ကို လုံးဝမပြုလုပ်ကြရန်နှင့် စစ်ဆေးတွေ့ရှိပါက ဥပဒေအရ စိစစ်အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။
ထားဝယ်မြို့ ဝဲကျွန်းထိန်သစ် ရပ်ကွက်ရှိ အမှတ် (၄) အထက်တန်း ကျောင်းအနီးမှ ဥစားကြက်ကောင် ရေ ၅၀၀၀ မွေးမြူထားသော ကြက်မွေးခြံ၌ ဇူလိုင် ၁၆ ရက်မှစ၍ ကြက်ကောင်ရေထောင်ချီ သေဆုံးပြီးနောက် ကြက်အသေကောင် နမူနာများကို ရန်ကုန်မြို့ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန လက်အောက်ရှိ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ အပြင်းစား ကြက်ငှက်တုပ်ကွေးရောဂါ H5N1 တွေ့ရှိကြောင်း ဇူလိုင် ၂၅ ရက်က အတည်ပြုခဲ့သည်။
ထို့နောက် ဇူလိုင် ၂၆ ရက်မှစ၍ H5N1 ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့သည့် ကြက်ခြံအနီးမှ ကြက်များကို စတင်ရှင်းလင်း ခဲ့ကြောင်းနှင့် ကြက်ကောင်ရေ ၂၀၀၀၀ ကျော်ကို ရှင်းလင်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကြက်ငှက်တုပ်ကွေး H5N1 ကို ၂၀၀၆ ခုနှစ်က စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၂၀၀၆ ခုနှစ် မတ်နှင့် ဧပြီလတွင် မန္တလေး၊ စစ်ကိုင်း၌လည်းကောင်း၊ ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီနှင့် အောက်တိုဘာလတွင် ရန်ကုန်၊ မွန်၊ ပဲခူး၌လည်းကောင်း၊ ၂၀၀၇ ခုနှစ်၌ပင် ဒုတိယအကြိမ် တွေ့ရှိမှုကို နိုဝင်ဘာနှင့် ဒီဇင်ဘာလတွင် ရှမ်းပြည်နယ်၌ ထပ်မံတွေ့ရှိခဲ့ကြောင်း၊၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီနှင့် မတ်လတွင် ရန်ကုန်နှင့် စစ်ကိုင်း၌လည်းကောင်း၊ ၂၀၁၁ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတွင် ရခိုင်နှင့် စစ်ကိုင်း၌လည်း ကောင်း၊ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီနှင့် မတ်လတွင် စစ်ကိုင်းနှင့် ပဲခူး၌လည်းကောင်း၊ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်ကိုင်း၌လည်းကောင်း၊ ၂၀၁၆ ခုနှစ် ဧပြီလတွင် စစ်ကိုင်း၌ လည်းကောင်း အသီးသီးဖြစ်ပွားခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် နောက်ဆုံးဖြစ်ပွားခဲ့သည့် ရောဂါဖြစ်ပွားမှု ဖြစ်စဉ်တွင် H5N1 အပြင် H9N2 ခေါ် အပျော့စား ကြက်ငှက်တုပ်ကွေးရောဂါ ပူးတွဲဖြစ်ပွားမှုကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ကြက်ငှက်တုပ်ကွေးရောဂါသည် ဗိုင်းရပ်စ်ပိုး တစ်မျိုးကြောင့် ကြက်၊ ငှက်များတွင် လျင်မြန်စွာ ကူးစက်၍ ကြက်အများအပြား သေဆုံးပြီး လူကိုပါ ကူးစက်စေသည့် ရောဂါတစ်မျိုးဖြစ်ကြောင်း၊ ရောဂါမှာ အပြင်းစားနှင့် အပျော့စားဟူ၍ နှစ်မျိုးရှိကြောင်း၊ ရောဂါပြင်းထန်မှုအလိုက် ကြက်သေဆုံးမှု၊ လူသို့ကူးစက်နိုင်ခြေပိုများပြီး ယခင်က H5N1 ရောဂါမှာ ပြင်းထန်ပြီး ယခုနောက်ပိုင်း၌ H5N1 အပြင် H5N2၊ H5N6၊ H5N8၊ H10N8 များလည်း ပါဝင်လာကြောင်းနှင့် H7N9၊ H9N2 များမှာ ရောဂါအပျော့စားတွင် ပါဝင်သော်လည်း ယခုအခါ H7N9 မှာ အပြင်းစားအဆင့်သို့ မျိုးရိုးဗီဇ ပြောင်းလဲလာခြင်းများ တွေ့ရကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။















