နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသား အဖြစ်မှ ပြန်ရုပ်သိမ်းရန် ကနေဒါလွှတ်တော် ဆုံးဖြတ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသား အဖြစ်မှ ပြန်ရုပ်သိမ်းရန် ကနေဒါလွှတ်တော် ဆုံးဖြတ်
Published 4 October 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားအဖြစ်မှ ပြန်ရုပ်သိမ်းရန် ကနေဒါလွှတ်တော်မှ အောက်တိုဘာ ၂ ရက် က ဆုံးဖြတ်လိုက်ကြောင်း CAN သတင်းဌာန ၏ သတင်းဖော်ပြချက်အရ သိရသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုနိုင်ငံသားများစာရင်းမှ ဖယ်ရှားရန် ကနေဒါလွှတ်တော်က သဘောတူ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ဘင်္ဂါလီဒုက္ခသည်များအား မြန်မာစစ်တပ်မှ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲ ချက်များအပေါ် အသိအမှတ်မပြုခြင်းကြောင့် ဂုဏ်ထူးဆောင်နိုင်ငံသားစာရင်းမှ ပယ်ဖျက်ရခြင်းဖြစ်သည်ဟု သိရသည်။

စက်တင်ဘာ ၂၇ ရက်က ကနေဒါ ပါလီမန်သည် ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော် ပြ) မွတ်စလင်ကိစ္စနှင့်ပတ်သက်၍ မြန်မာအရပ်သားအစိုးရအဖွဲ့ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားအဖြစ်မှ ပြန်ရုပ်သိမ်းရန် တညီတညွတ်တည်း မဲပေးဆုံးဖြတ်ခဲ့ကြောင်း CAN သတင်းဌာနက ဖော်ပြခဲ့သည်။

ဒီမိုကရေစီအရေးလှုပ်ရှားမှုကြောင့် ကာလကြာရှည်စွာ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသည့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ် အောင်ဆန်းစုကြည်ကို ကနေဒါနိုင်ငံက ၂၀၀၇ ခုနှစ်၌ ဂုဏ်ပြုမှုတစ်ရပ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ကနေဒါနိုင်ငံက လူမျိုးသုဉ်းသတ်ဖြတ်မှုဟု ကြေညာခဲ့သည့် မြန်မာတပ်မတော်၏ စစ်ဆင်ရေးကို ဟန့်တားရန် ဒေါ်အောင်ဆန်းစုကြည်၏ ငြင်းပယ်ခဲ့မှုက သူ၏ နိုင်ငံတကာ၌ ဂုဏ်သတင်းကျော်စောမှုကို ထိခိုက်စေခဲ့သည်။

လွန်ခဲ့သည့်နှစ်က စတင်ခဲ့သည့် မြန်မာတပ်မတော်၏ ရက်စက်ကြမ်းကြုတ်သော စစ်ဆင်ရေးတစ်ရပ်က ဘင်္ဂါလီမွတ်စလင် ၇၀၀,၀၀၀ ကျော်ကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားစေခဲ့သည်။

စစ်ဆင်ရေးအတွင်း မြန်မာတပ်မတော်သည် ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ လိင်ဆိုင်ရာ အကြမ်းဖက်ခြင်းနှင့် မီးရှို့ခြင်းတို့ ကျူးလွန်ခဲ့ ကြကြောင်း လူအများအပြားက သက်သေခံ ထွက်ဆိုခဲ့ကြသည်။

မြန်မာတပ်မတော်က အမှားအယွင်း ပြုလုပ်ခဲ့သည်ဟု စွပ်စွဲမှုအားလုံးနီးပါးကို ငြင်းဆိုခဲ့ပြီး ၎င်းတို့၏ စစ်ဆင်ရေးသည် ဘင်္ဂါလီ မွတ်စလင်အကြမ်းဖက်သမားများကို ချေ မှုန်းရန် ဥပဒေနှင့်အညီ ပြုလုပ်ခြင်းသာဖြစ် ကြောင်း ပြောကြားခဲ့သည်။

သို့သော် ကုလသမဂ္ဂ၏ အချက်အလက် ရှာဖွေရေးမစ်ရှင်က အစီရင်ခံစာထုတ်ပြန် ခဲ့ပြီးနောက် စက်တင်ဘာ ၂၇ ရက်တွင် ကုလသမဂ္ဂသည် မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်  အခြား တပ်မတော်ထိပ်တန်းခေါင်းဆောင်ငါးဦးကို လူသားဆန်မှုကို ချိုးဖောက်သော ရာဇဝတ်မှုများအတွက် တရားစွဲဆိုနိုင်ရေးအတွက် စွဲချက်များကို ပြင်ဆင်ရန် ဘုတ်အဖွဲ့ တစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။

ဒလိုင်းလားမား၊ မာလာလာယူဆွတ်ဇိုင် နှင့် နယ်လ်ဆင်မင်ဒဲလားတို့အပါအဝင် ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားအဖြစ် ချီးမြှင့်ခံရဖူးသူမှာ ဒေါ်အောင်ဆန်းစုကြည်အပြင် အခြားငါးဦးသာရှိကြောင်း သိရသည်။

Most Read

Most Recent