အစိုးရဘတ်ဂျက်သည် ပြည်သူတို့၏ချွေးနှဲစာ

အစိုးရဘတ်ဂျက်သည် ပြည်သူတို့၏ချွေးနှဲစာ
Published 4 October 2018

ဘတ်ဂျက်နှစ် အကူးအပြောင်းကာလ လတ်တလောတွင် အစိုးရ၏ ဘတ်ဂျက်ခွဲတမ်းများ သုံးစွဲမှုများနှင့် ပတ်သက်လျှင် ရန်ကုန်တိုင်းအစိုးရ၏ လုပ်ကိုင်ဆောင်ရွက်မှုများအပေါ် မေးခွန်းထုတ်မှုများ၊ ကန့်ကွက်ဝေဖန်မှုများသည် လူထုအကြားတွင် ဟိုးလေးတကြော်ဖြစ်ခဲ့ရသည်။ ရန်ကုန်တိုင်းလွှတ်တော်အတွင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက တိုင်းအစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဆိုင်ရာ လစ်ဟာချက်များ၊ ဘတ်ဂျက်နှင့် ပတ်သက်လျှင် လက်ခံနိုင်ဖွယ်မရှိသော အမှားများ၊ အမျိုးမျိုး ထင်မြင်ယူဆဖွယ်ကောင်းနေသော အကြောင်းအရာများကို ပြင်းပြင်းထန်ထန်ထောက်ပြမှုများရှိနေသည်။ ပလတ်စတစ် ထိုင်ခုံတစ်လုံး ကျပ် ၇၀၀၀ အစား၊ typing error ကြောင့်ဟုဆိုကာ ကျပ် ၇၀၀၀၀ အဖြစ် တင်ပြခဲ့သည့် အကြောင်းအရာများနှင့် စီမံကိန်းကြီးများ ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ပင် လွဲချော်မှုဖြစ်နေသော ဘတ်ဂျက် သုံးစွဲထားမှုများသည် လွှတ်တော်ကိုယ်စားလှယ်များသာမက အထူးသဖြင့် မိမိတို့၏ချွေးနှဲစာများဖြင့် တိုင်းပြည်အတွက် အခွန်ထမ်းနေကြသော  ပြည်သူများအတွက် စိတ်ပျက်ဖွယ်ဖြစ်ခဲ့ရသည်။

အောက်တိုဘာ ၂ ရက်က ပြုလုပ်ခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် ဆိတ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ရန်ကုန်တိုင်းအစိုးရအနေဖြင့် လွှတ်တော်၏ခွင့်ပြုချက်ရယူခြင်းမရှိဘဲ YBS ယာဉ်များ ဝယ်ယူရန်နှင့် ကျောင်းကားများ ဝယ်ယူရန်အတွက် ကမ္ဘောဇဘဏ်မှ ကျပ်သန်း ၅၅၀၀ နှင့် ဧရာဝတီဘဏ်မှ ကျပ်ရှစ်ဘီလျံအား လူပုဂ္ဂိုလ်အရ ချေးငွေရယူထားခြင်းကို လွှတ်တော်မှ သဘောမတူနိုင်ကြောင်း ကန့်ကွက်ပြောကြားခဲ့သည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက် နှင့် သဘောထား မှတ်ချက်အစီရင်ခံစာကို ဆွေးနွေးရာတွင် ၎င်းက ယင်းသို့ကန့်ကွက်လိုက်ခြင်းလည်းဖြစ်သည်။ ယင်းကဲ့သို့ လူပုဂ္ဂိုလ်အရ ပုဂ္ဂလိကဘဏ်များမှ ချေးယူထားသည့်ငွေများကို အများပြည်သူ့ဘဏ္ဍာငွေများဖြင့် ရင်းနှီးမြှုပ်နှံခွင့်ပြုထားသည့် ခရီးသည်တင်ယာဉ် သယ်ယူပို့ဆောင်ရေးအများပိုင်ကုမ္ပဏီမှ ပြန်ဆပ်ရန်တာဝန်မရှိကြောင်းနှင့် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းကို ကျော်လွန်ပြီး လူပုဂ္ဂိုလ်အရ ချေးထားသည့်အတွက် ယင်းသို့ပြန်ဆပ်ရန် သဘောမတူခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ တိုင်းဒေသကြီး အစိုးရအနေဖြင့် ခွင့်ပြုငွေမလုံလောက်၍ ထပ်မံလိုအပ်သဖြင့် အခြားမှ ချေးငွေယူရမည်ဆိုလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၃၀ အရ လွှတ်တော်သို့ တင်ပြ အတည်ပြုချက် ရယူရမည်ဖြစ်သော်လည်း ယင်းသို့ချေးယူရာတွင် လွှတ်တော်၏ခွင့်ပြုချက်မရှိခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဆုံးရှုံးမှုအရပ်ရပ်သည် လွှတ်တော်တွင် တာဝန်မရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ ကလည်း ပြောကြားခဲ့ပြန်သည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခရီးသည်တင်သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီတွင် ကျပ် ဘီလျံ ၇၀ ရင်းနှီးမြှုပ်နှံထားပြီး တန်ဖိုးလျော့စရိတ်များတွင် အရှုံးပေါ်နေခြင်းကြောင့် အများပြည်သူတို့၏ငွေဖြင့် အစိုးရမှ တာဝန်ခံမြှုပ်နှံထားသဖြင့် မဆုံးရှုံးစေရေး စနစ်တကျဆောင်ရွက်သင့်ကြောင်းကိုလည်း လွှတ်တော်ကိုယ်စားလှယ်အချို့ က ထောက်ပြခဲ့ပြန်သည်။ ရန်ကုန်တိုင်းအစိုးရ၏ ရန်ကုန်ညစျေး စီမံချက်တွင်လည်း ကျပ်သိန်းပေါင်း ၁၈၀၀၀ သုံးစွဲခြင်းကို လွှတ်တော်သို့ အမြန်ဆုံးရှင်းလင်းရန်နှင့် ငွေကြေးများ သုံးစွဲရာတွင် မိမိချွေးနှဲစာကဲ့သို့ သုံးစွဲရန်လည်း လွှတ်တော်ကိုယ်စားလှယ်က စာရင်းစစ်ချုပ် အစီရင်ခံစာအပေါ် ဆွေးနွေးရာတွင် ထည့်သွင်း တောင်းဆိုခဲ့ပြန်သည်။ ထို့အတူ ရန်ကုန်တိုင်းအတွင်းရှိ ဌာနများသည် နှစ်စဉ် ကားဝယ်ယူရန် ဘတ်ဂျက်တင်သွင်းကြပြီး ကားဝယ်ခွင့် မရရှိပါက အကြီးစား ပြင်ဆင်စရိတ်များ တင်ပြနေသဖြင့် စစ်ဆေးရန်လိုကြောင်းကိုလည်း ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေး ကော်မတီ၏လွှတ်တော်သို့ တင်ပြလာမှုသည် ဘတ်ဂျက်တောင်းယူမှုများနှင့်ပတ်သက်လျှင် စိတ်ပျက်စရာ ဖြစ်စေပြန်သည်။ ဥပမာအနေဖြင့် ထိန်ပင် အမှိုက်ပုံတစ်ခုတည်းအတွက် စည်ပင်က သုံးသည့် ကျပ် ၂၄၄၅ ဒသမ ၄ သန်းရှိပြီး လူဦးရေ ၄၀၀၀၀ ကျော်နေထိုင်သည့်မြို့နယ်အား စည်ပင်သုံးစွဲငွေသည် ကျပ် ၁၄၄၀ ဒသမ ၈၆၇ သန်းသာရှိသည်ကို တွေ့ရခြင်း၊ ခွေးဂေဟာအတွက် ကွပ်ကဲရေးရုံး တည်ဆောက်ခြင်းကို ကျပ်သိန်း ၇၀၀ သုံးစွဲပြီး မြို့နယ်များရှိ ကျောင်းဆရာ၊ ဆရာမများ နေထိုင်ရန် ဝန်ထမ်းနေအိမ် တစ်အိမ်ဆောက်လုပ်ခြင်း အတွက် ကျပ်သိန်း ၃၃၀ သာ ချထားပေးခြင်းအပြင် ဘတ်ဂျက် မလုံလောက်သဖြင့် ဝန်ထမ်းနေအိမ် အပြီးသတ် မဆောက်နိုင်ဘဲ တန်းလန်းဖြစ်ရသည့်အတွက် မိုးထဲရေထဲတွင် ပစ်ထားရသည့် အခြေအနေ ရှိနေခြင်းတို့သည် မေးခွန်းထုတ်စရာ သာဓကအချို့ ဖြစ်နေသည်။

ပြည်ထောင်စုဘတ်ဂျက်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဘတ်ဂျက် ရန်ပုံငွေများ ခွဲဝေ သုံးစွဲရာတွင် လွှတ်တော်၌ ကတိကဝတ်ပြုထားသည့် လုပ်ငန်းများကို ဦးစားပေးထည့်သွင်း လျာထားရန် လိုအပ်ဟု အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ် ရေးကော်မတီက သုံးသပ်ထားသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ဘတ်ဂျက် အနေအထားအပေါ် မူတည်၍ စီမံကိန်းများ ရွေးချယ်လေ့ရှိပြီး နိုင်ငံအတွက် အမှန်တကယ် လိုအပ်သည့်စီမံကိန်းများကို ဦးစားပေးရွေးချယ်ရန် ပို၍အဓိကကျကြောင်း ပြောကြားထားခဲ့သည်။

သို့ဆိုလျှင် ဖွံ့ဖြိုးတိုးတက်မှုများစွာ နောက်ကျနေသေးသာ မိမိတို့နိုင်ငံတွင် အစိုးရ၏ ဘတ်ဂျက်ခွဲဝေသုံးစွဲမှု ကဏ္ဍသည် ပြည်သူအားလုံးအတွက် များစွာအရေးကြီးသည်။ ပြည်သူ့ချွေးနှဲစာများဖြစ်သော ဘတ်ဂျက်များကို သုံးစွဲရာတွင် အဂတိကင်းရန်၊ ပွင့်လင်း မြင်သာမှု ရှိရန်လိုအပ်ပြီး ပြည်သူ့ငွေများကို စီမံခန့်ခွဲရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှုပေးနိုင်ရန် မလွဲမသွေလိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(အောက်တိုဘာ ၄ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်)

Most Read

Most Recent