မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့်  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅ ဒသမ ၈ ဘီလျံအထိ ဝင်ရောက်လာနိုင်ရန် လျာထား ဆောင်ရွက်နေ

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့်  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅ ဒသမ ၈ ဘီလျံအထိ ဝင်ရောက်လာနိုင်ရန် လျာထား ဆောင်ရွက်နေ
Published 9 October 2018
နေရိုင်း၊ အောင်မင်းသိန်း

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (DICA) အနေဖြင့်  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံအထိ ဝင်ရောက် ရင်းနှီးမြုပ်နှံလာရန် လျာထားပြီး စီမံချက်များဖြင့် ချမှတ် ဆောင်ရွက်နေကြောင်း သိရသည်။

အောက်တိုဘာ ၈ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း (Myanmar Investment Promotion Plan) စာအုပ်အား မိတ်ဆက်ခဲ့ပြီး ယင်း စီမံကိန်းစာအုပ်သည် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်လာစေရန်နှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများလည်း တိုးတက်လာစေရန် ရည်ရွယ်ရေးဆွဲထားခြင်း ဖြစ်ကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး က ဆိုသည်။

“အခု ကျွန်တော်တို့ ရေတိုစီမံကိန်း စတဲ့ကာလပေါ့။ တစ်လ၊ တစ်လ အကြမ်းဖျင်း သန်း ၅၀၀ လောက် ဝင်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ၂၀၁၇-၂၀၁၈ ရဲ့ အခြေအနေ ခြုံပြောလိုက်ရင် အနည်းဆုံး သန်း ၅၀၀ လောက် ဝင်တယ်။ ဒီနှစ်က ပြီးခဲ့တဲ့ ခြောက်လတို ဘတ်ဂျက်ကာလ အတွင်းမှာတော့ ကျွန်တော်တို့က ခြောက်လအတွင်းမှာ တစ်လကို သန်း ၃၅၀ လောက် ပျမ်းမျှပေါ့ ဝင်ပါတယ်။ ဒီခြောက်လအတွင်းမှာ နည်းနည်းလေးတော့ လျော့သွားတယ်။ လျော့ပေမယ့်လည်း အခု ကျွန်တော်တို့ လာမယ့်  ၅ ဒသမ ၈ ဘီလျံကို ၂၀၁၈-၂၀၁၉  ဘဏ္ဍာရေးနှစ်ပေါ့။  ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်က စပြီးတော့ စက်တင်ဘာ ၃၀ မှာ ပြီးပါမယ်။ အဲဒီအတွင်းမှာ ကျွန်တော်တို့ ၅ ဒသမ ၈ ဘီလျံ လျာထားတယ်။ ဒါကတော့ ကျွန်တော်တို့က ပြည့်သွားမယ်လို့ တွက်ချက်ထားပါတယ်”ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းသည် ၂၀၁၆-၂၀၁၇ ခုနှစ်မှ စတင်ကာ ၂၀၃၅-၂၀၃၆ ခုနှစ်အထိ စီမံကိန်း ချမှတ်ကာ အစိုးရသက်တမ်း တစ်ခုအား ကာလတစ်ခုအဖြစ် ပိုင်းခြားကာ ကာလတို၊ ကာလလတ်၊ ကာလရှည်များ စီမံကိန်းများဖြင့် အကောင်အထည်ဖော်မည်ဖြစ်ပြီး လက်ရှိ အစိုးရကာလသည် ကာလတိုစီမံကိန်းတွင် ပါဝင်ကြောင်း သိရသည်။

ဆက်လက်၍ “ပထမ ရည်မှန်းချက်ကတော့ လက်ရှိအစိုးရ ကာလအတွင်းမှာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလျံပေါ့၊ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၅၈၀၀ ပေါ့၊ နှစ်စဉ်ရအောင် လုပ်သွားဖို့ ရည်ရွယ်ချက်ကို ထားပါတယ်။ အဲဒီတော့ လုပ်တဲ့အပိုင်းမှာလည်း ကျွန်တော်တို့က ကာလတိုအပိုင်းတွေကို ဒီစီမံကိန်းကြီး အကောင်အထည်ဖော်တဲ့ လုပ်ငန်းစဉ် တစ်လျှောက်မှာ အဓိကလုပ်ရမယ့် လုပ်ငန်းတွေပေါ။ ကျွန်တော်တို့က ပြန်ပြီးတော့ သုံးသပ်တယ်။ နောက်ပြီး ကျွန်တော်တို့က လိုအပ်တဲ့ ကွင်းဆင်း ဆောင်ရွက်မှုတွေ ဆောင်ရွက်တယ်။ ဝန်ကြီးဌာနတွေနဲ့ညှိနှိုင်းမှုတွေ လုပ်တယ်။ ရင်းနှီးမြုပ်နှံသူတွေနဲ့လည်း တွေ့ဆုံဆွေးနွေးမှုတွေ ဆောင်ရွက်တယ်။ ဆောင်ရွက်တဲ့ဘက်မှာ လုပ်ငန်းစဉ် ငါးရပ်ကို ဆက်ပြီးတော့ အကောင်အထည်ဖော်ဖို့ ရည်ရွယ်ထားပါတယ်”ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။  

ယင်းလုပ်ငန်းစဉ် ငါးရပ်သည် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် မူဝါဒများ၊ စည်းမျဉ်း စည်းကမ်းများ ပိုမို အားကောင်းလာစေရန်၊ ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်မည့် ခိုင်မာသည့် အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းပြီး ယင်းအဖွဲ့အစည်း အားကောင်းလာစေရန်၊ တိုင်းပြည်၏ အခြေခံ အဆောက်အအုံများ ပိုမိုအားကောင်းလာစေရန်၊ စီးပွားရေးနှင့် ပတ်သက်သည့် ဝန်းကျင်တစ်ရပ်လုံး ပိုမို ကောင်းမွန်လာစေရန်နှင့် စီးပွားရေးနှင့် ပတ်သက်သည့် ဂေဟစနစ် တစ်ခုလုံး ကောင်းမွန်လာစေရန် စသည်များ ပါဝင်ကြောင်း သိရသည်။ 

ဦးအောင်နိုင်ဦးက “နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ဖို့တင် မဟုတ်ဘူး။ ပြည်တွင်းမှာရှိတဲ့၊ အထူးအားဖြင့် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းတွေ၊ စီးပွားရေး လုပ်ငန်းတွေ ဒါတွေက တိုးတက်လာရမယ်။ တိုးတက်လာမှသာ ကျွန်တော်တို့ နိုင်ငံခြားက ဝင်လာတဲ့  နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့  ပြည်တွင်းမှာရှိတဲ့ စက်မှုလုပ်ငန်းတွေနဲ့ ကျန်တဲ့လုပ်ငန်းတွေ ချိတ်ဆက်မိပြီးတော့ ပိုပြီးတော့ နိုင်ငံသားလည်း အကျိုးအမြတ်တွေ ပိုခံစားရမယ်။ နိုင်ငံခြားသားတွေအတွက်လည်း ပိုပြီးတော့ သက်သောင့်သက်သာနဲ့ မြန်မာပြည်ထဲမှာ လုပ်ရတာ စရိတ်အားဖြင့်ရော ကျန်တဲ့ Resources အားဖြင့်ရော သက်သာတဲ့ နေရာမျိုး ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ပြည်တွင်း စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနဲ့ ချိတ်ဆက်နိုင်ရေးရယ်။ နောက်အရေးကြီးတဲ့ အချက်ကတော့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးလုပ်ငန်းစဉ်မှာ မဖြစ်မနေ လိုအပ်တာက ကျွန်တော်တို့ရဲ့ လူ့စွမ်းအားအရင်းအမြစ် ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်လာဖို့၊ ကျွန်တော်တို့ တိုင်းပြည်မှာရှိတဲ့ အလုပ် လုပ်တတ်တဲ့သူတွေမှာ နည်းပညာတွေ ပိုရဖို့၊ အလုပ် လုပ်နိုင်တဲ့သူတွေမှာ ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်မှုတွေ ရလာဖို့ ဒီအတွက်လည်း ကျွန်တော်တို့ ရည်ရွယ်ထားပါတယ်”ဟု ပြောကြားသည်။ 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွင် ပါဝင်သည့် လုပ်ငန်းစဉ်ငါးရပ်အား သက်ဆိုင်သည့် လုပ်ငန်းစဉ်အလိုက် ကော်မတီများဖွဲ့စည်းပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ဆိုသည်။

 

Most Read

Most Recent