ဒီအာကွန်ဂိုတွင် သူပုန်များ၏တိုက်ခိုက်မှုများကြောင့် လူ ၃၁ ဦး သေဆုံး

ဒီအာကွန်ဂိုတွင် သူပုန်များ၏တိုက်ခိုက်မှုများကြောင့် လူ ၃၁ ဦး သေဆုံး
Published 28 July 2026

ဒီအာကွန်ဂိုနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ပြီးခဲ့သည့် သီတင်းပတ်မှစပြီး ADF သူပုန်များ၏ လက်ချက်ဟု ယူဆရသော တိုက်ခိုက်မှုများကြောင့် အနည်းဆုံး အရပ်သား ၃၁ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းနှင့် လုံခြုံရေး သတင်းအရင်း အမြစ်များက ဇူလိုင် ၂၇ ရက်တွင် ပြောကြားခဲ့သည်။

တိုက်ခိုက်မှုများသည် ဇူလိုင် ၂၂ ရက်နှင့် ဇူလိုင် ၂၇ ရက်ကြား ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အရှေ့မြောက်ပိုင်း အီတူရီပြည်နယ်၊ မမ်ဘာဆာအရပ်ဘက် လူ့အဖွဲ့အစည်း၏ ခေါင်းဆောင် ဂျိုစပင် ပိုလူကူးက အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။

ဒေသတွင်း သတင်းအရင်းအမြစ်များက သေဆုံးသူ ၃၁ ဦးရှိကြောင်း အတည်ပြုခဲ့ပြီး လုံခြုံရေး သတင်းအရင်းအမြစ် တစ်ခုကမူ လူ ၅၀ ခန့် သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

အိုင်အက်စ် အဖွဲ့နှင့် ဆက်နွှယ်နေသော ယူဂန်ဒါ သောင်းကျန်းသူများ ဖွဲ့စည်းထားသည့် ADF အဖွဲ့သည် အရပ်သားများအပေါ်  အကြမ်းဖက်မှုများကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားပြီး မြောက်ကီဗူးနှင့် အီတူရီပြည်နယ်များတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို အကြိမ်ကြိမ် ကျူးလွန်ခဲ့သည်။

သယံဇာတ ကြွယ်ဝသော အဆိုပါ အရှေ့မြောက်ပိုင်း ဒေသများသည် ADF နှင့် အခြားသော လက်နက်ကိုင် အဖွဲ့များကဲ့သို့ ပြည်သူ့စစ်များ၏ အကြမ်းဖက်မှုများကြောင့် နှစ်ပေါင်း ၃၀ ကျော်ကြာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။

အဆိုးရွားဆုံး တိုက်ခိုက်မှုများသည် အီတူရီပြည်နယ် မမ်ဘာဆာပိုင်နက်အတွင်းရှိ ဘာဘီလာ ဘာဘွန်ဘီဒေသ၏ နေရာတော်တော်များများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းနှင့် လုံခြုံရေး သတင်းအရင်းအမြစ်များက ပြောကြားခဲ့သည်။

Ref:AFP

Most Read

Most Recent