မော်လမြိုင် - ရန်ကုန် DEMU အမြန်ရထားပေါ်တွင် ခရီးသွားပြည်သူများ စိတ်အနှောင်အယှက်ဖြစ်စေရန် စည်းကမ်းမဲ့လုပ်ဆောင်ခဲ့ကြသည်ဆိုသည့် မော်လမြိုင်ကမ်းနားလမ်း အားကစားအဖွဲ့မှ ဆရာမကြီး ဒေါ်မြသန်း အပါအဝင် ၅၄ ဦးအဖွဲ့အား တစ်ဦးလျှင် ဒဏ်ငွေတစ်သိန်းကျပ်စီ ပေးဆောင်ရန် မော်လမြိုင်မြို့နယ် တရားရုံးမှ အမိန့်ချမှတ်ခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။
ယနေ့ (ဇူလိုင် ၂၇ ရက်) တွင် မော်လမြိုင်မြို့နယ်တရားရုံး၌ ဒေါ်မြသန်း အပါအဝင် ၅၄ ဦးအဖွဲ့အား တစ်ဦးလျှင် ငွေဒဏ် တစ်သိန်းကျပ်စီ ပေးဆောင်ရန်နှင့် ဒဏ်ကြေးငွေပေးဆောင်ခြင်းမရှိပါက ထောင်ဒဏ် ခုနစ်ရက် ကျခံစေရန် မော်လမြိုင်မြို့နယ်တရားသူကြီးမှ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တရားခွင်ပြီးတော့ ဒေါ်မြသန်းပါ (၅၄) ဦးအဖွဲ့က ဒဏ်ငွေပေးဆောင်ဖို့ လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်” ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦး၏ပြောကြားချက်များအရ သိရသည်။
ဇူလိုင် ၂၄ ရက်က လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပျံနှံ့ခဲ့သည့် မော်လမြိုင်ဘူတာမှ ရန်ကုန်ဘူတာကြီးသို့ ထွက်ခွာလာသည့်အမှတ် (၈၄) အစုန်DEMU အမြန်ရထားပေါ်တွင် လက်မှတ်ဝယ်ယူစဉ် ၆၀ ဦးဖြင့် ဝယ်ယူထားသည့် ပထမတန်းအတွဲ (၃) တွဲပေါ်တွင်၊ အမှန်စီးနင်းလိုက်ပါလာသူများဖြစ်ကြသော ဆရာမကြီးဒေါ်မြသန်းဆိုသူ ဦးဆောင်သည့် မော်လမြိုင်မြို့၊ ကမ်းနားလမ်း အားကစားအဖွဲ့မှ အမျိုးသား (၁) ဦးနှင့် အမျိုးသမီး ၅၃ ဦး စုစုပေါင်း ၅၄ ဦးတို့သည် ရထားပေါ်တွင် ဆူညံစွာအော်ဟစ်သီချင်းဆိုခြင်း၊ ရထားထိုင်ခုံလက်တန်းပေါ်တွင်ထိုင်ခြင်း၊ ရထားကြမ်းခင်းတွင် လျှောက်လမ်းပိတ်ဆို့၍ ထမင်းဝိုင်းဖွဲ့စားသောက်ခြင်း၊ Tik Tok များရိုက်ကူးခြင်းများလုပ်ဆောင်ခဲ့ကြသည်။
ထိုသို့ လုပ်ဆောင်နေကြသည့် ဆရာမကြီးဒေါ်မြသန်း ဦးဆောင်သောအဖွဲ့အား ရထားတာဝန်ရှိသူများနှင့် ရထားလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များမှ အခြားသော ခရီးသည်များ စိတ်အနှောင့်အယှက် မဖြစ်စေရန် သတိပေးတားမြစ်ခြင်းပြုလုပ်ခဲ့ကြသော်လည်း လိုက်နာခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေကြသဖြင့် မီးရထားစက်ခေါင်းအတွင်းရှိ ရထားတာဝန်ရှိသူမှ စပီကာဖြင့် နှစ်ကြိမ်တိုင်တိုင် အသိပေးတြားမြစ်ခြင်းများဆောင်ရွက်ခဲ့ရသည်ဟု သိရသည်။















