တရုတ်နိုင်ငံတွင် ဇူလိုင် ၂၆ ရက် နံနက်အစောပိုင်းက တိုင်ဖွန်းမုန်တိုင်း နူးလ် စတင်ဝင်ရောက်ခဲ့ပြီး တောင်ဘက်ကမ်းရိုးတန်း ဒေသတစ်ခုလုံးကို တိုက်ခတ်ခဲ့ကာ ယခုနှစ်အတွင်း နိုင်ငံအတွင်း သို့ ဝင်ရောက်ခဲ့သည့် အပြင်းထန်ဆုံး မုန်တိုင်းအတွက် အရေးပေါ် ကူညီကယ်ဆယ်ရေးများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများက သတင်းဖော်ပြခဲ့သည်။
တိုင်ဖွန်း နူးလ် ၏ ပြင်းထန်သော ရာသီဥတု ခန့်မှန်းချက်များကြောင့် အာဏာပိုင်များသည် လူပေါင်း ၃၄၀၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး လုပ်ငန်းခွင်များနှင့် ရထားလမ်းဝန်ဆောင်မှုများကို ဆိုင်းငံ့ခဲ့ရကာ ဇူလိုင် ၂၆ ရက် နံနက်ပိုင်းတွင် ပုံမှန် လေကြောင်းလိုင်း ပျံသန်းမှု အများအပြားလည်း ရပ်ဆိုင်းခဲ့ရသည်။
တိုင်ဖွန်းမုန်တိုင်း၏ ဗဟိုချက်သည် ဘဏ္ဍာရေးဗဟိုချက်ဖြစ်သော ဟောင်ကောင်၏ အရှေ့မြောက်ဘက် ၈၀ ကီလိုမီတာခန့်အကွာ ဂွမ်ဒေါင်း ပြည်နယ်၊ ပင်းဟိုင်မြို့အနီးသို့ ဒေသစံတော်ချိန်နံနက် ၃ နာရီ ၅ဝမိနစ် ခန့်တွင် ဖြတ်သန်းသွားခဲ့ကြောင်း CCTV သတင်းတွင် ဖော်ပြခဲ့သည်။
မုန်တိုင်း စတင်ဝင်ရောက်ချိန်တွင် မုန်တိုင်းမျက်စိအနီး၌ အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၆၂ ကီလိုမီတာ (၁၀၁ မိုင်) ရှိခဲ့ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
ထို့ကြောင့် တိုင်ဖွန်း နူးလ် သည် ၂၀၂၆ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ တိုက်ခတ်ခဲ့သည့် မုန်တိုင်းများအနက် အားအကောင်းဆုံး တိုင်ဖွန်းမုန်တိုင်း ဖြစ်လာခဲ့ကြောင်း CCTV က ထပ်လောင်း ပြောကြားခဲ့သည်။
တောင်တရုတ်ပင်လယ်ပြင်တွင် ဇူလိုင် ၂၅ ရက်က မုန်တိုင်းအား ပိုမိုကောင်းမွန်မလာမီ တိုင်ဖွန်း နူးလ် သည် ဖိလစ်ပိုင်နိုင်ငံ၏ မြောက်ဘက်စွန်း ကျွန်းစုများကို ပွတ်တိုက်သွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှု လမ်းကြောင်းတစ်ခုဖြစ်ပေါ်ခဲ့သည်။
တိုင်ဖွန်းမုန်တိုင်းကြောင့် လူသုံးဦး သေဆုံးပြီး တစ်ဦး ပျောက်ဆုံးနေကြောင်း ဖိလစ်ပိုင်အစိုးရ၏ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အေဂျင်စီက ဇူလိုင် ၂၆ ရက်တွင် ပြောကြားခဲ့သည်။
လူပေါင်း ၉,၃၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး အိမ်ခြေ ၂၃၅ လုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း ဖိလစ်ပိုင်အမျိုးသား သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲမှုကောင်စီ က ထပ်မံပြောကြားခဲ့သည်။
Ref:AFP
Photo:AFP















