ပြင်သစ်နှင့် စပိန်တွင် တောမီးအန္တရာယ်ကြောင့် လူထောင်ပေါင်းများစွာ နေရပ်စွန့်ခွာ

ပြင်သစ်နှင့် စပိန်တွင် တောမီးအန္တရာယ်ကြောင့် လူထောင်ပေါင်းများစွာ နေရပ်စွန့်ခွာ
Photo:AFP
Photo:AFP
Published 26 July 2026

ပြင်သစ်နှင့် စပိန်နိုင်ငံတို့တွင် တောမီးအန္တရာယ်ကြောင့် လူထောင်ပေါင်းများစွာ နေရပ်စွန့်ခွာခဲ့ကြပြီး အရေးပေါ် ခိုလှုံရေးစခန်းများ၌ ခိုလှုံနေထိုင်နေကြသည်ဟု သိရသည်။

တောမီးလောင်ကျွမ်းမှုများကြောင့် ဒေသခံများနှင့် အပန်းဖြေခရီးသွား ၃၀၀,၀၀၀ ကျော် နေအိမ်များနှင့် တည်းခိုရာနေရာများမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီးနောက် ယခုကဲ့သို့ အရေးပေါ်ခိုလှုံရေးစခန်းများတွင် နေထိုင်နေရခြင်းဖြစ်သည်။

အဆိုပါ တောမီးများသည် အိမ်ခြေများကို ပျက်စီးစေခဲ့ပြီး လူအများအပြားကို နေရပ်စွန့်ခွာစေခဲ့ကာ ပြင်သစ်နိုင်ငံ သမိုင်းတစ်လျှောက်တွင် စစ်ပွဲမရှိသည့် ငြိမ်းချမ်းရေးကာလအတွင်း အကြီးမားဆုံးသော အရပ်သားများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရသည့် စစ်ဆင်ရေးတစ်ခုကို ဖြစ်ပေါ်စေခဲ့ရသည်၊၊

နိုင်ငံနှစ်ခုလုံးတွင် ကြီးမားသော တောမီးများ ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်သည်။

စပိန်နိုင်ငံ အရှေ့ပိုင်းတွင် လူတစ်ဦး သေဆုံးခဲ့ပြီး ပြင်သစ်နိုင်ငံ ဘောဒိုးမြို့နှင့် စပိန်မြို့တော် မက်ဒရစ် ဝန်းကျင်တို့တွင် ထပ်မံ၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အာဏာပိုင်များက အမိန့်ထုတ်ပြန်ခဲ့ကာ နောက်ထပ် ခက်ခဲသော ညတစ်ည ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့သည်။

သစ်တောများနှင့် ခရီးသွားဒေသများကို ဖြတ်သန်းတိုက်ခိုက်ခဲ့သည့် မီးခိုးလုံးများနှင့် မီးတောက်များကြားမှ ထွက်ပြေးလာခဲ့ကြသည့် မိသားစုများသည် ပြပွဲခန်းမများနှင့် အားကစားခန်းမများရှိ ကယ်ဆယ်ရေးစခန်းများတွင် အိပ်စက်ခဲ့ကြရပြီး ဒေသခံများနှင့် ခရီးသွားများသည် ၎င်းတို့ နေရပ်သို့ ပြန်နိုင်မည်လားဆိုသည်ကို မရေမရာ ဖြစ်နေကြသည်။

"ကျွန်တော်တို့ကို ဘေးလွတ်ရာကို ထွက်သွားရမယ်လို့ ပြောခဲ့ကြတာပါ" ဟု ကြီးမားသော အရေးပေါ် ခိုလှုံရေးစခန်းအဖြစ် ပြောင်းလဲထားသည့် ဘောဒိုးမြို့ရှိ ပြပွဲဗဟိုဌာနတွင် ခိုလှုံနေထိုင်နေသည့် အသက် ၇၀ အရွယ် ဖရက်ဒရစ် တာဗီတီယန် က ပြောကြားခဲ့သည်။

"ကျွန်တော်တို့ ပေါက်ကွဲခါနီး မီးတောင်တစ်ခုလို မီးခိုးတိုင်ကြီးတွေကို တွေ့ခဲ့ရပါတယ်"ဟုဆိုသည်။

ဂျီရွန်ဒေမီးသတ်ဌာန၏ ဖော်ပြချက်အရ အဆိုပါ မီးလောင်မှုသည် ရှားပါးသည့် မီးတောက်မုန်တိုင်း တိမ်တိုက်များကို ဖြစ်ပေါ်စေခဲ့ပြီး ၎င်း၏ ကိုယ်ပိုင် လေပြင်းများနှင့် လေဝဲများကို ဖန်တီးကာ ခန့်မှန်းရခက်ခဲပြီး ထိန်းချုပ်ရခက်ခဲ စေခဲ့ကြောင်း မီးသတ်တပ်ကြပ်ကြီး နီကိုလတ်စ် ဘရက်ဇ် က အေအက်ဖ်ပီသတင်းသို့ ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် စပိန်အာဏာပိုင်များက မက်ဒရစ်မြို့ အနောက်တောင်ဘက်ရှိ တိုလီဒို မြို့အနီးတွင် နောက်ထပ် ဘေးလွတ်ရာ ရွှေ့ပြောင်းမှုများကို အမိန့်ထုတ်ပြန်ခဲ့သည်။

"မနေ့ကထက်စာရင် ဒီနေ့ ကျွန်တော်တို့ ပိုပြီး စိတ်ဓာတ်ကျမိပါတယ်" ဟု ပြည်ထဲရေးဝန်ကြီး ဖာနန်ဒို ဂရန်ဒေး-မားလက်စကာ က ဇူလိုင် ၂၅ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

"ရာသီဥတု အခြေအနေတွေက လုံးဝ အထောက်အကူ မပြုပါဘူး" ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

Ref:AFP

Photo:AFP

Most Read

Most Recent