အကြမ်းဖက်လက်နက်ကိုင်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးဗြဲရေလှောင်တမံအား ပြန်လည်ပြုပြင်များ ဆောင်ရွက်

အကြမ်းဖက်လက်နက်ကိုင်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးဗြဲရေလှောင်တမံအား ပြန်လည်ပြုပြင်များ ဆောင်ရွက်
Published 24 July 2026

အကြမ်းဖက်လက်နက်ကိုင်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးဗြဲရေလှောင်တမံအား ပြန်လည်ပြုပြင်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ်အတွင်း အကြမ်းဖက်လက်နက်ကိုင်များကြောင့် ရေကြီးရေလျှံမှု ထိန်းသိမ်းရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ စိုက်ပျိုးရေးနှင့်ရေကြောင်းခရီးသွားလာရေး လုပ်ငန်းတို့အတွက် အလွန်အရေးပါသည့် မိုးဗြဲရေလှောင်တမံပျက်စီးဆုံးရှုံးမှုများ ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ ဆောင်ရွက်လျက်ရှိပြီး ပျက်စီးခဲ့သည့် အဆောက်အအုံများ၊ တမံနှင့်ဆက်စပ်ရေအားအဆောက်အအုံများကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် ဆက်လက်ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်လက်နက်ကိုင်များကြောင့် တမံအောက်ဘက် မိုးဗြဲထိန်းသိမ်းရေး စခန်းရှိ ဧည့်ရိပ်သာ၊ ရုံးအဆောက်အအုံ၊ ဝန်ထမ်းအိမ်ရာနှင့် စတိုဂိုဒေါင်များအပါအဝင် အဆောက် အအုံ ၄၄ လုံး ဖျက်ဆီးခံခဲ့ရပြီး ဌာနပိုင်မော်တော်ယာဉ် (TE) တစ်စီးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကာ စတိုဂိုဒေါင်အတွင်းရှိ ထရန်စဖော်မာများနှင့် စက်ပစ္စည်းများလည်း ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

ထို့အပြင် ရေပိုလွှဲထိန်းချုပ်ခန်းအဆောက်အအုံနှင့် ထိန်းချုပ်ရေးစနစ်များ၊ ရေယာဉ်သွားလမ်း ထိန်းချုပ်ခန်းအဆောက်အအုံနှင့် ထိန်းချုပ်ရေးစနစ်များ၊ ၁၀၈ ကေဗွီအေ မီးစက်တစ်လုံး၊ ထရန် စဖော်မာများနှင့် ဓာတ်အားလိုင်းများ၊ ရေပေးဝေရေးအဆောက်အအုံနှင့် ရေစက်ပစ္စည်းများလည်း ဖျက်ဆီးခံခဲ့ရသည်။ ထို့အတွက် ရေပိုလွှဲတံခါးများကို အလိုအလျောက်လျင်မြန်စွာဖွင့်ပိတ်၍မရခြင်းကြောင့် တမံရေထိန်းညှိထုတ်လွှတ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာခြင်းနှင့် ရေယာဉ်သွားလမ်းတံခါးများ အဖွင့်အပိတ်ပြုလုပ်၍မရခြင်းကြောင့် ရေကြောင်းခရီးသွားလာမှုအပေါ်ထိခိုက်ခဲ့ရပြီး မိုးဗြဲရေလှောင်တမံနှင့် စခန်းတစ်ခုလုံးတွင် အကြမ်းဖက်လက်နက်ကိုင်များ၏ ဖျက်ဆီးခဲ့မှုများကြောင့် နိုင်ငံတော်မှ ငွေကျပ် ၁၀ ဘီလျံခန့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

နယ်မြေလုံခြုံရေးအခြေအနေများကောင်းမွန်ပြီး ၂၀၂၅ ခုနှစ် ဇူလိုင် ၂၇ ရက်မှသာ ဌာနဝန်ထမ်းများသည် မိုးဗြဲရေလှောင်တမံသို့ ပြန်လည်ဝင်ရောက်နိုင်ခဲ့ပြီး ရေလှောင်တမံဧရိယာဝန်းကျင်တွင် မိုင်းအန္တရာယ်ရှင်းလင်းခြင်းကို နယ်မြေခံတပ်မဌာနချုပ်နှင့် ဌာနဝန်ထမ်းများ ပူးပေါင်း ဆောင်ရွက်၍ တမံပတ်ဝန်းကျင်နှင့် အဆောက်အအုံပတ်ဝန်းကျင် သစ်ပင်ချုံနွယ်များ ရှင်းလင်းခြင်းတို့ကိုလည်း ဌာနပိုင်စက်/ယာဉ်ယန္တရားသုံးစီးဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့ကာ အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများ၏ ဖျက်ဆီးခဲ့မှုများအပေါ် ပြန်လည်ပြုပြင်တည်ဆောက် ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မိုးဗြဲရေလှောင်တမံသည် ရှမ်းပြည်နယ်(တောင်ပိုင်း)ဖယ်ခုံမြို့၏ အရှေ့တောင်ဘက် ၉ ဒသမ ၅ မိုင်ခန့်အကွာ ဘီလူးချောင်းပေါ်တွင်တည်ရှိပြီး တမံအလျားပေ ၈၀၀၀ နှင့် အမြင့် ပေ ၆၀ ရှိသည့် မြေသားတမံအမျိုးအစားဖြစ်၍ ရေပိုလွှဲတံခါးပေါက်လေးခုနှင့် ရေယာဉ်သွားလမ်း (Navigation Lock Gate) တစ်ခုပါရှိကာ မိုးဗြဲရေလှောင်တမံကို နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့် ၁၉၆၇ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး ၁၉၇၀ပြည့်နှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။

မိုးဗြဲရေလှောင်တမံသည် ဘီလူးချောင်းအမှတ် (၁၊ ၂၊ ၃) ရေအားလျှပ်စစ်စက်ရုံများ လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သောရေပမာဏနှင့် တမံအောက်ဘက်ရှိ ဆည်ရေ သောက်ဧရိယာ ဧက ၂၀၀၀၀ အတွက် စုစုပေါင်းရေပမာဏ ဧက ပေ ၆၈၇၀၀၀ ကို သိုလှောင်ထိန်းညှိ ထုတ်လွှတ်ပေးလျက်ရှိသည်။ 

ထို့အပြင် မိုးဗြဲရေလှောင်တမံသည် ရေယာဉ်သွားလမ်းထည့်သွင်း တည်ဆောက်ထားသည့်အတွက် ရေကြောင်းခရီးသွားလာမှုအပေါ် အထောက်အကူပြုလျက်ရှိပြီး တမံအထက်ဘက်ရှိ အင်းလေးကန်၏ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု လျော့နည်းသက်သာစေရေးအတွက် လည်းကောင်း၊ တမံအောက်ဘက်ဒေသများတွင် ရေကြီးရေလျှံမှုထိန်းသိမ်းလျှော့ချ နိုင်ရေးတို့အတွက်လည်းကောင်း တစ်ဖက်တစ်လမ်းမှထိန်းသိမ်းပေးလျက်ရှိသည့် ဘက်စုံရေလှောင်တမံကြီးဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent