အီတလီလက်ရွေးစင်နည်းပြရာထူးအတွက် ကမ်းလှမ်းမှုကို အန်ဆယ်လော့တီ ငြင်းပယ်ခဲ့

အီတလီလက်ရွေးစင်နည်းပြရာထူးအတွက် ကမ်းလှမ်းမှုကို အန်ဆယ်လော့တီ ငြင်းပယ်ခဲ့
Photo: X
Photo: X
Published 24 July 2026

ဘရာဇီးလ်လက်ရွေးစင်အသင်းရဲ့နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ အီတလီလူမျိုး ၀ါရင့်နည်းပြ အန်ဆယ်လော့တီဟာ အီတလီလက်ရွေးစင်နည်းပြရာထူးအတွက် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။

အီတလီဘောလုံးအဖွဲ့ချုပ်ဟာ လက်ရှိအချိန်မှာ မန်စီးတီးနည်းပြဟောင်း စပိန်လူမျိုး ဂွါဒီယိုလာနဲ့ ဆွေးနွေးမှု ပြုလုပ်နေပေမဲ့ အန်ဆယ်လော့တီကို ပထမဆုံးချဉ်းကပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အီတလီဘောလုံးအဖွဲ့ချုပ်ရဲ့ နည်းစနစ်ဒါရိုက်တာ မာလ်ဒီနီက ဒီသတင်းကို အတည်ပြုခဲ့တာဖြစ်ပြီး ''ပက်(ဂွါဒီယိုလာ)နဲ့ မဆွေးနွေးခင် ကာလို(အန်ဆယ်လော့တီ)နဲ့လည်း စကားပြောခဲ့တယ်ဆိုတဲ့အကြောင်းကို ကျွန်တော်တို့ ဖုံးကွယ်မထားနိုင်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် အကောင်းဆုံးဖြစ်မယ်ထင်တဲ့သူနဲ့ အစပြုတာက မှန်ကယ်မယ်ထင်လို့ပါ'' လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ဘရာဇီးလ်အသင်းနဲ့ ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ အန်ဆယ်လော့တီက ဘရာဇီးလ်အသင်းကိုပဲ ဆက်ပြီးအာရုံစိုက်သွားချင်တယ်လို့ တုံ့ပြန်ပြီး ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဒါကြောင့် အီတလီဘောလုံးအဖွဲ့ချုပ်က ဂွါဒီယိုလာနဲ့ ဆက်လက်ဆွေးနွေးခဲ့ခြင်းဖြစ်ပေမဲ့ လစာနှုန်းထားနဲ့ ပတ်သက်ပြီး ညှိနှိုင်းဖို့ခက်နေကြောင်း သိရပါတယ်။

အီတလီဘောလုံးအဖွဲ့ချုပ်က ဂွါဒီယိုလာကို လစာအဖြစ် တစ်နှစ်ယူရို(၁၀)သန်းဝန်းကျင်နဲ့ ကမ်းလှမ်းထားပေမဲ့ ဂွါဒီယိုလာက တစ်နှစ်ယူရိုသန်း(၂၀) အလိုရှိနေခြင်းဖြစ်ကြောင်း သိရပါတယ်။

ဒါပေမဲ့ မာလ်ဒီနီကတော့ ဒီတစ်ပတ်အတွင်း နည်းပြသစ်ကို ကြေညာနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Most Read

Most Recent