အမေရိကန်က ဆော်ဒီအာရေးဗျတွင် အရပ်ဘက်သုံး နျူကလီးယားအစီအစဉ် တစ်ခု ထူထောင်သွားမည့် သမိုင်းဝင် သဘောတူညီချက်တစ်ရပ် ရရှိခဲ့သည်ဟု ဇူလိုင် ၂၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းသဘောတူညီချက်တွင် နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာစည်းမျဉ်းများနှင့် ကာကွယ်ရေးအာမခံချက်များ ပါဝင်သည်ဟု အမေရိကန်က အခိုင်အမာ ပြောကြားထားသည်။
အဆိုပါ လှုပ်ရှားမှုသည် သမ္မတ ဒေါ်နယ်ထရန့်၏ အမေရိကန်အစိုးရနှင့် အီရန်နိုင်ငံတို့ အီရန်၏ နျူကလီးယားအစီအစဉ်ကို အဓိကအခြေခံ၍ စစ်ပွဲဖြစ်ပွားနေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ အီရန်နျူကလီးယားကိစ္စသည် လက်ရှိ ရပ်ဆိုင်းနေသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင်လည်း အဓိက အငြင်းပွားဖွယ်ရာ အချက်ဖြစ်နေဆဲ ဖြစ်သည်။
အမေရိကန် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ "ငြိမ်းချမ်းသော နျူကလီးယား ပူးပေါင်းဆောင်ရွက်ရေး" နှင့် "နှစ်နိုင်ငံ အပြန်အလှန်အကာအကွယ်ပေးရေး" ဆိုသည့် သဘောတူညီချက် နှစ်ခုကို အမေရိကန် စွမ်းအင်ဝန်ကြီး ခရစ်ရိုက်နှင့် ဆော်ဒီ စွမ်းအင်ဝန်ကြီး မင်းသား အဗ္ဗဒူလာအဇစ်ဘင်ဆယ်လ်မန်တို့က လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။
သဘောတူညီချက်များ၏ အပြည့်အစုံ ကိုမူ အများပြည်သူသို့ ချက်ချင်းထုတ်ပြန်ခြင်း မရှိသေးပေ။
"ယခု သဘောတူညီချက် နှစ်ခုသည် နျူကလီးယားလက်နက် မပြန့်ပွားရေး အပါအဝင် ဦးစားပေး စီးပွားရေးနှင့် မဟာဗျူဟာမြောက် ရည်မှန်းချက်များကို မြှင့်တင်ပေးနိုင်မည့် ဒေါ်လာဘီလီယံပေါင်းများစွာ တန်ကြေးရှိသော၊ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်မည့် ပူးပေါင်းဆောင်ရွက်မှုအတွက် ဥပဒေကြောင်းဆိုင်ရာ အခြေခံအုတ်မြစ်ကို ချမှတ်ပေးလိုက်ခြင်းဖြစ်သည်" ဟု အမေရိကန် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သဘောတူညီချက်တွင် အမေရိကန် ကုမ္ပဏီများကဆော်ဒီအာရေးဗျတွင် ယူရေနီယမ် သန့်စင်သည့် စက်ရုံတစ်ရုံ တည်ဆောက်သွားမည့် အချက်လည်း ပါဝင်နိုင်သည်ဟု ဝေါစထရိဂျာနယ်က ဖော်ပြခဲ့သည်။ သို့သော် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ထိုအချက်ကို ထည့်သွင်းဖော်ပြထားခြင်း မရှိသလို အေအက်ဖ်ပီ AFP သတင်းဌာန၏မေးမြန်းခဲ့မှုကိုလည်း မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။
သဘောတူညီချက်ကို စိစစ်ရန်ကွန်ဂရက်ထံ တင်ပြသွားမည်ဖြစ်သော်လည်း ရီပတ်ဘလီကင်တို့ စိုးမိုးထားသည့် လွှတ်တော်ကယင်းကို တားဆီးပိတ်ပင်နိုင်ဖွယ် မရှိကြောင်း သိရသည်။
ဆော်ဒီအာရေးဗျကရရှိလာမည့် နျူကလီးယားနည်းပညာကို အသုံးပြု၍ နျူကလီးယားလက်နက်များ ထုတ်လုပ်လာမည်ကို စိုးရိမ်သောကြောင့် အမေရိကန် ပါတီနှစ်ရပ်စလုံး၏လွှတ်တော်အမတ်များနှင့် အစ္စရေး တာဝန်ရှိသူများက ယခင်ကတည်းက ယခုကဲ့သို့သောစီမံကိန်းကိုကန့်ကွက်ခဲ့ကြသည်။
ထရန့်ကို အစဉ်တစိုက် ဝေဖန်လေ့ရှိသည့် လက်ဝဲယိမ်း အမေရိကန်အထက်လွှတ်တော်အမတ် ဘာနီဆန်းဒါးစ် က "အာဏာရှင်နိုင်ငံတစ်နိုင်ငံယူရေနီယမ်သန့်စင်တာကို တားဆီးဖို့အတွက် အီရန်ကို စစ်တိုက်နေတာပါလို့ ထရန့်က ကြွေးကြော်နေခဲ့တာပါ။ ခုတော့ သူ့ရဲ့ အချစ်ဆုံး မဟာမိတ်ဖြစ်တဲ့ ကမ္ဘာ့ရက်စက်ဆုံး အာဏာရှင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ဆော်ဒီအာရေးဗျကိုကျတော့ အဲဒီအတိုင်း လုပ်ခွင့်ပေးနေပြီ။ ဒါဟာ လုံးဝ အဓိပ္ပာယ်မရှိတဲ့ ကိစ္စပဲ" ဟု X တွင်ဝေဖန်ရေးသားခဲ့သည်။
ဆော်ဒီအာရေးဗျသည် အီရန်အစိုးရကဲ့သို့ပင် အရပ်ဘက်သုံး နျူကလီးယားအစီအစဉ်ကို လုပ်ဆောင်ပိုင်ခွင့်ရှိ ကြောင်း ပုံမှန် ရပ်တည်ပြောဆိုလျက်ရှိသည်။ ထို့ပြင်နျူကလီးယားလက်နက် ပိုင်ဆိုင်ထားသည့် ပါကစ္စတန်နှင့် နှစ်နိုင်ငံ အပြန်အလှန် ကာကွယ်ရေးစာချုပ်ကို လွန်ခဲ့သောနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။
Ref:AFP
AFP photos















