စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးများက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့် မညီဘဲ အတင်းအဓမ္မဖမ်းဆီးမှုများ လုပ်ဆောင်နေသည်ဟု ခန္တီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဂုဏ်ဝမ်းက ပြောကြားသည်။
ယနေ့ (ဇူလိုင် ၂၂ ရက်) တွင် ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဂုဏ်ဝမ်းက ခန္တီးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေအား ကျော်လွန်ပြီး ဖမ်းဆီးနေမှုများအပေါ် မည်ကဲ့သို့ ထိန်းညှိဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးခွန်းမေးမြန်းစဉ် ၎င်းက ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
ခန္တီးမြို့နယ်အတွက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လူဦးရေခွဲတမ်းအရ အပတ်စဉ်တစ်ခုလျှင် ခြောက်ဦးနှုန်း သတ်မှတ်ပေးထားကြောင်း ၎င်းက မေးခွန်းမေးမြန်းစဉ် ထည့်သွင်းပြောကြားသည်။
“မိမိတို့ ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရာတွင် ဥပဒေ၊ နည်းဥပဒေများနဲ့အညီ လုပ်ဆောင်ရန် အုပ်ချုပ်ရေးအဖွဲ့များနှင့် အကြိမ်ကြိမ် ညှိနှိုင်းဆောင်ရွက်ခဲ့သော်လည်း ခန္တီးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးများမှ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့် မညီဘဲ အတင်းအဓမ္မ ဖမ်းဆီးမှုများ လုပ်ဆောင်နေသည်ကို တွေ့ရှိရပါတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဂုဏ်ဝမ်းက ပြောကြားသည်။
၂၀၂၅ အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် ပြည်သူ့အစိုးရ ပေါ်ပေါက်လာပြီဖြစ်သော်လည်း ခန္တီးမြို့တွင် ပြည်သူ့စစ်မှုထမ်းအတွက် အတင်းအဓမ္မဖမ်းဆီးနေမှုများကြောင့် ပြည်သူများ ကြောက်လန့်စွာဖြင့် နေထိုင်သွားလာနေရသည်ကို စိတ်မသက်သာဖွယ်ရာ မြင်တွေ့နေရသည်ဟု ၎င်းက ပြောကြားသည်။
“ဥပဒေနဲ့မညီဘဲ လမ်းမပေါ်၊ မြို့ဝင်ဂိတ်နှင့် လူနေအိမ်ထဲအထိ ဝင်ရောက်ပြီး ဖမ်းဆီးနေခြင်းဟာ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများကို ကျော်လွန်လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ ဖမ်းဆီးခံရသူအချို့မှာ ကျောင်းသားများလည်း ပါဝင်နေကြောင်း သိရှိရပါတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဂုဏ်ဝမ်းက ပြောကြားသည်။
ယခုကဲ့သို့ အတင်းအဓမ္မဖမ်းဆီးမှုကြောင့် ယခုအခါ ခန္တီးမြို့ပေါ်တွင် အမျိုးသားလူငယ်များ မနေထိုင်ရဲကြတော့ကြောင်း၊ ရပ်ကွက်တွင်း သာရေး နာရေးကိစ္စများ ဆောင်ရွက်ရာတွင် သက်ကြီး အမျိုးသားများနှင့် အမျိုးသမီးများကသာ ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့ပေါ်နေ မိဘပြည်သူများမှာ နေ့စဉ်နှင့်အမျှ ကျီးလန့်စာစား နေထိုင်ကြရတာ အမှန်ပင်ဖြစ်ကြောင်းနှင့် ကျေးရွာများမှ မွေးလူနာများ၊ အရေးပေါ် လူနာများ ခန္တီးမြို့ရှိ ဆေးရုံ ဆေးခန်းများသို့ လာရောက်ရာတွင် လူနာအစောင့် အကူများပါ ဖမ်းဆီးနိုင်မှုများကြောင့် လူနာများ များစွာဒုက္ခရောက်နေရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ အပတ်စဉ် ခြောက်ယောက်နှုန်းဆိုသော်ငြားလည်း ဆက်တိုက်ဖမ်းဆီးနေမှုအရ ခြောက်ယောက်နှုန်း ကျော်လွန်နေပြီး မသမာမှုများရှိနေသယောင် မြင်တွေ့နေရပါတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဂုဏ်ဝမ်းက ပြောကြားသည်။
ခန္တီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဂုဏ်ဝမ်း၏ မေးမြန်းမှုနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူက ခန္တီးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ခဲ့မှုများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင် ကြုံတွေ့ရသော အခက်အခဲများအား ရှင်းလင်းပြောကြားခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့အဆင့်ဆင့်အနေဖြင့် ဥပဒေနှင့်မညီသော ဆင့်ခေါ်မှုများ မဖြစ်စေရေးအတွက် စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဥပဒေ၊ နည်းဥပဒေများကို ကျော်လွန်ပြီး လုပ်ကိုင်ဆောင်ရွက်ပါကလည်း ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။















