အာဂျင်တီးနားလက်ရွေးစင်ဂိုးသမား မာတီနက်ဇ်က ၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ရပြီးနောက် လက်ရွေးစင်ကစားသမားဘဝ အနာဂတ်အတွက် စဉ်းစားနေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မာတီနက်ဇ်(၃၃ နှစ်)က အာဂျင်တီးနားလက်ရွေးစင်အဖြစ် ၂၀၂၁ ခုနှစ်မှာ စတင်ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး (၆၇)ပွဲ ကစားထားပါတယ်။
အာဂျင်တီးနားအသင်းနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံဆု၊ ၂၀၂၁ နဲ့ ၂၀၂၄ ကိုပါအမေရိကချန်ပီယံဆုတွေ ရရှိထားပြီး ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၈)ပွဲစလုံး ပွဲချိန်ပြည့်ကစားခဲ့ရသူပါ။
''ကမ္ဘာ့ဖလား နောက်တစ်ကြိမ်ထပ်ရဖို့ ကျွန်တော် အိပ်မက်မက်ခဲ့ပါတယ်။ အဲဒါကို အာဂျင်တီးနားဆီ ပြန်လည်သယ်ဆောင်ပြီး သမိုင်းမှတ်တမ်းသစ်ရေးနိုင်ဖို့လည်း အိပ်မက်မက်ခဲ့ပါတယ်။ အရိုးသားဆုံးပြောရရင် နာကျင်မှုကို စကားလုံးနဲ့ ဖော်ပြဖို့ ခက်ခဲပါတယ်။ အခုတော့ အရာများစွာကို ပြန်စဉ်းစားရမယ်၊ ဘယ်လိုရှေ့ဆက်ရမလဲဆိုတာ ကြည့်ရမယ်၊ ပြီးတော့ နေရာဖယ်ပေးရတော့မလားဆိုတာ ဆုံးဖြတ်ရတော့မယ်။ ကျွန်တော် တကယ်ဝမ်းနည်းပါတယ်။ ကျွန်တော့်တိုင်းပြည်နဲ့ အသင်းဖော်တွေကို ကူညီနိုင်ဖို့ ကျွန်တော် အစွမ်းကုန်ကြိုးစားခဲ့တာပါ'' လို့ မာတီနက်ဇ်က Instagram မှာ ရေးသားခဲ့ပါတယ်။
အက်စတွန်ဗီလာမှာ ကစားနေတဲ့ မာတီနက်ဇ်ဟာ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပြီး (၃)နှစ်စာချုပ်ချုပ်ဆိုသွားမယ်လို့လည်း သိရပါတယ်။















