ကမ္ဘာ့ဖလား၊ ချန်ပီယံလိဂ်ဖလားနဲ့ Ballon d'Or ဆု (၃)မျိုးစလုံးရရှိတဲ့ (၁၁)ယောက်မြောက်ကစားသမားအဖြစ် ရိုဒရီ မှတ်တမ်းဝင်

ကမ္ဘာ့ဖလား၊ ချန်ပီယံလိဂ်ဖလားနဲ့ Ballon d'Or ဆု (၃)မျိုးစလုံးရရှိတဲ့ (၁၁)ယောက်မြောက်ကစားသမားအဖြစ် ရိုဒရီ မှတ်တမ်းဝင်
Photo: X
Photo: X
Published 20 July 2026

စပိန်လက်ရွေးစင်အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ရိုဒရီဟာ ကမ္ဘာ့ဖလား၊ ချန်ပီယံလိဂ်ဖလားနဲ့ Ballon d'Or ဆု(၃)မျိုးစလုံးရရှိတဲ့ (၁၁)ယောက်မြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

ရိုဒရီဟာ မန်စီးတီးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့သလို၊ ၂၀၂၄ ခုနှစ်အတွက် Ballon d'Or ဆု ရရှိခဲ့ပြီး အခု စပိန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆု ရယူနိုင်ခဲ့တာပါ။

အဲဒီလိုဆု(၃)မျိုး ရယူနိုင်တဲ့ တခြားကစားသမား (၁၀)ဦးကတော့ မက်ဆီ၊ ရော်နယ်လ်ဒင်ဟို၊ ကာကာ၊ ရီဗယ်လ်ဒို၊ ဇီဒန်း၊ ဘက်ကင်ဘောင်ဝါ၊ ဂတ်မူလာ၊ ဘော်ဘီချာလ်တန်၊ ပေါ်လိုရော့ဆီနဲ့ ဒမ်ဘီလီတို့ဖြစ်ကြောင်း သိရပါတယ်။

ရိုဒရီ(၃၀ နှစ်)က စပိန်အသင်းနဲ့အတူ ယူရိုချန်ပီယံဆုနဲ့ Nations League ချန်ပီယံဆုတွေလည်း ရယူထားနိုင်ပါတယ်။

မန်စီးတီးအသင်းနဲ့လည်း ပရီးမီးယားလိဂ်၊ FA ဖလား၊ လိဂ်ဖလား၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလား၊ ကလပ်ကမ္ဘာ့ဖလားတွေ ရရှိထားတာကြောင့် ပြီးပြည့်စုံတဲ့ ကစားသမားဖြစ်ကြောင်း ဖော်ပြမှုတွေ ရှိနေပါတယ်။

ရိုဒရီက ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အကောင်းဆုံးကစားသမားဆုရရှိခဲ့ပြီး အခု ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အကောင်းဆုံးကစားသမားဆု ရရှိခဲ့တာကြောင့် ယူရို-၂၀၀၀ မှာ အကောင်းဆုံးကစားသမားဆု၊ ၂၀၀၆ ကမ္ဘာ့ဖလားမှာ အကောင်းဆုံးကစားသမားဆု ရရှိခဲ့တဲ့ ဇီဒန်းလို စွမ်းဆောင်နိုင်တဲ့ ဒုတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။

 

Most Read

Most Recent