ဒယ်လာဖွန်တေပုံ တက်တူးကို ဘယ်နေရာမှာထိုးမလဲဆိုတာ စဉ်းစားရဦးမယ်လို့ ကူကူရယ်လာ ပြောကြား

ဒယ်လာဖွန်တေပုံ တက်တူးကို ဘယ်နေရာမှာထိုးမလဲဆိုတာ စဉ်းစားရဦးမယ်လို့ ကူကူရယ်လာ ပြောကြား
Photo: X
Photo: X
Published 20 July 2026

စပိန်အသင်းရဲ့ နောက်ခံလူ ကူကူရယ်လာက နည်းပြ ဒယ်လာဖွန်တေရဲ့ပုံကို ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာ တက်တူးထိုးရမလဲဆိုတာ စဉ်းစားရဦးမယ်လို့ ပြောကြားခဲ့ပါတယ်။

ကူကူရယ်လာက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ မစခင်မှာ စပိန်အသင်း ချန်ပီယံဆု ရရှိခဲ့ရင် နည်းပြ ဒယ်လာဖွန်တေရဲ့မျက်နှာပုံကို တက်တူးထိုးမယ်လို့ ကတိပေးထားခဲ့တာပါ။

ဒါကြောင့် ဒယ်လာဖွန်တေကလည်း ကစားသမားတွေအနေနဲ့ ပြောထားတဲ့အတိုင်း ကတိတည်ဖို့လိုတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

''ကျွန်တော်က တက်တူးထိုးဖို့ အိုလွန်းနေပါပြီ။ ဒါပေမဲ့ ကတိပေးထားတဲ့ ကျွန်တော့်ကစားသမားတွေကတော့ ပြောထားတဲ့စကားအတိုင်း တည်လိမ့်မယ်ဆိုတာ ကျွန်တော် သိပါတယ်။ သူတို့ အမှားလုပ်မိခဲ့တာဖြစ်ပေမဲ့ ကတိတည်ရမှာပါ။ ကျွန်တော်ကလည်း ရုပ်မဆိုးပါဘူး'' လို့ ဒယ်လာဖွန်တေက ပြောကြားခဲ့တာပါ။

တက်တူး ဘယ်နေရာမှာ ထိုးမှာလဲလို့ ကူကူရယ်လာကို မေးမြန်းရာမှာတော့ ''ခန္ဓာကိုယ်ရဲ့ မမြင်သာတဲ့နေရာမှာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ပြောထားတဲ့စကားကိုတော့ တည်ရမှာပါ။ အိမ်အပြန် လေယာဉ်ပေါ်မှာ စဉ်းစားသွားမှာပါ'' လို့ ပြောကြားခဲ့ပါတယ်။

ကူကူရယ်လာက ယူရိုချန်ပီယံဆုလည်း ရရှိထားတာကြောင့် ကမ္ဘာ့ဖလားချန်ပီယံဆု ထပ်ရရင် လက်ရွေးစင်ကစားသမားဘဝက အနားယူတော့မယ်လို့လည်း ပြောကြားထားပါသေးတယ်။

ဒါ့အပြင် အသင်းဖော် ယမားလ်ကလည်း ကမ္ဘာ့ဖလားချန်ပီယံဆုရရှိရင် မုတ်ဆိတ်မွေး နှုတ်ခမ်းမွေးတွေကို မရိတ်ဘဲ (၃)ပတ်အထိထားမယ်လို့ ပြောကြားထားကြောင်း သိရပါတယ်။

Most Read

Most Recent