၁၉၅၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဘရာဇီးလ်တိုက်စစ်မှူး ပီလီ ဝတ်ဆင်ခဲ့တဲ့ ဂျာစီကို ဒေါ်လာ(၄.၉)သန်းနဲ့ လေလံတင်ရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။
ကြာသပတေးနေ့က နယူးယောက်မှာ ပြုလုပ်ခဲ့တဲ့ Sotheby ရဲ့ The Beautiful Game လေလံပွဲမှာ ရောင်းချနိုင်ခဲ့တာဖြစ်ပြီး မာရာဒိုနာရဲ့ဂျာစီပြီးရင် တန်ဖိုးအကြီးဆုံးဘောလုံးဂျာစီအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်နဲ့ ယှဉ်ပြိုင်ကစားစဉ် မာရာဒိုနာ ဝတ်ဆင်ခဲ့တဲ့ ဂျာစီက ၂၀၂၂ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေလံပွဲမှာ ဒေါ်လာ(၉.၃)သန်း ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
၁၉၅၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အသက်(၁၇)နှစ်သာရှိသေးတဲ့ ပီလီက (၂)ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့ပြီး ဘရာဇီးလ်အသင်း ပထမဆုံးကမ္ဘာ့ဖလားချန်ပီယံဆု ရရှိစေဖို့ အဓိကနေရာက စွမ်းဆောင်ပေးခဲ့တာပါ။
ပီလီက ပွဲအပြီးမှာ အဲဒီအကျင်္ီကို အသင်းဖော် ဒီဒါကို လက်ဆောင်ပေးခဲ့ပြီး ဒီဒါက ဘရာဇီးလ်ပြတိုက်တစ်ခုကို လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
အဲဒီပြတိုက်က ၂၀၀၄ ခုနှစ်မှာ လေလံအဖွဲ့တစ်ခုဆီ လွှဲအပ်ရောင်းချစေခဲ့ရာမှာ ဒေါ်လာ(၁၀၅၆၀၀)သာ ရရှိခဲ့ပြီး အခုနောက်ဆုံးရောင်းချမှုမှာတော့ ဒေါ်လာ(၄.၉)သန်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
Sotheby က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကျင်းပမယ့် ရက်သတ္တပတ်ရောက်ရှိလာတာကြောင့် အခုလို လေလံပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
အဲဒီလေလံပွဲမှာ ၁၉၈၆ ကမ္ဘာ့ဖလား အင်္ဂလန်နဲ့ပွဲတုန်းက မာရာဒိုနာဝတ်ဆင်ခဲ့တဲ့ အသင်းခေါင်းဆောင်လက်ပတ်၊ ၂၀၁၇ ချန်ပီယံလိဂ် PSG ကို (၆-၁)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ မက်ဆီ ဝတ်ဆင်ခဲ့တဲ့ ဂျာစီ၊ ၂၀၀၂ ကမ္ဘာ့ဖလားမှာ အင်္ဂလန်ကစားသမားဘဝ ပွဲ(၅၀)ပြည့်အဖြစ် ဝတ်ဆင်ကစားခဲ့တဲ့ ဒေးဗစ်ဘက်ခမ်ရဲ့ ဂျာစီတွေကိုလည်း လေလံတင်ရောင်းချခဲ့ကြောင်း သိရပါတယ်။















