အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဖလမ်းမြို့ရှိ နေအိမ်များနှင့် စာသင်ကျောင်းများအတွက် ဆောက်လုပ်ရေးသုံးပစ္စည်းများ ထောက်ပံ့

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဖလမ်းမြို့ရှိ နေအိမ်များနှင့် စာသင်ကျောင်းများအတွက် ဆောက်လုပ်ရေးသုံးပစ္စည်းများ ထောက်ပံ့
Published 16 July 2026

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဖလမ်းမြို့ရှိ နေအိမ်များနှင့် စာသင်ကျောင်းများအတွက် ဆောက်လုပ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးနှင့်အတူ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များ၊ မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၁၅ ရက်တွင် ဖလမ်းမြို့ရှိ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသခံပြည်သူများ၏နေအိမ်များသို့ သွားရောက်၍ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံတော်မှ ထောက်ပံ့သော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောက်ရှိမှုအခြေအနေနှင့်၊ ယာယီသိုလှောင်ထိန်းသိမ်းထားရှိမှု အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုပြီး ဒုတိယဝန်ကြီးမှ တာဝန်ရှိသူများအား ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထောက်ပံ့ပစ္စည်းများကို သိုလှောင်ထားရှိရန်၊ မြေပြင်နှင့် ကွဲလွဲမှုမရှိစေရေး၊ အလေအလွင့်မရှိစေရေး စီမံဆောင်ရွက်ကြရန်၊ အမှန်တကယ်ထောက်ပံ့ရန် လိုအပ်သည့် ဒေသခံပြည်သူများ မကျန်ရှိစေရန်နှင့် အမြန်ဆုံးဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဖလမ်းခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များနှင့်အတူ ဖလမ်းမြို့ရှိ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသခံပြည်သူများ၏ နေအိမ်များသို့ သွားရောက်၍ အခြေခံလိုအပ်သည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများဖြစ်သော ဘိလမ်မြေ၊ သွပ်နှင့် ရိုက်သံများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အလုံးစုံပျက်စီးသွားသည့် နေအိမ်များ၊ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည့် နေအိမ်များ၊ အနည်းငယ်ပျက်စီးသွားသည့် နေအိမ်များကို နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများမှ ဝိုင်းဝန်း ပြင်ဆင်ပေးနေမှုများအား ကြည့်ရှုခဲ့သည်။

ဖလမ်းမြို့ တလန်လိုရပ်ကွက်၊ ဗလိုင်ရပ်ကွက်နှင့် ကျင်မွာလ်ရပ်ကွက်ရှိ အလုံးစုံပျက်စီးသွားသည့် နေအိမ်(၁၁) လုံးအတွက် ဘိလပ်မြေ (၅၅) အိတ်နှင့် သွပ် (၃၃၀) ချပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် နေအိမ် (၉) လုံးအတွက် ဘိလပ်မြေ (၄၅) အိတ်နှင့်  သွပ် (၁၈၀) ချပ်၊ အနည်းငယ်ပျက်စီးသွားသည့် နေအိမ် (၁) လုံးအတွက် သွပ် (၁၀) ချပ်၊ ဖလမ်းမြို့နယ်ရဲတပ်ဖွဲ့ရှိ အဆောက်အဦများအတွက် သွပ် (၁၀၀) ချပ်၊ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းအတွက် သွပ် (၁၁) ချပ်နှင့် ဒေသခံပြည်သူနေအိမ်များအတွက် သွပ် (၅၄) ချပ်၊ စုစုပေါင်းဘိလပ်မြေ (၁၀၀) အိတ်၊ သွပ် (၆၈၅) ချပ်နှင့် သွပ်ရိုက်သံများကို  ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ထိခိုက်ပျက်စီးသွားသည့်အဆောက်အဦနှင့် နေအိမ်များအတွက် ဆက်လက် ထောက်ပံ့လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent