တာတမံများဖြင့် ရေဘေးကာကွယ်ထားရသည့် ဧရာဝတီတိုင်းဒေသကြီး၌ သဘာဝဘေးတုံ့ပြန့်ရေးအစီအမံများ ကြိုတင်ပြင်ဆင်

တာတမံများဖြင့် ရေဘေးကာကွယ်ထားရသည့် ဧရာဝတီတိုင်းဒေသကြီး၌ သဘာဝဘေးတုံ့ပြန့်ရေးအစီအမံများ ကြိုတင်ပြင်ဆင်
Published 16 July 2026

တာတမံများဖြင့် ရေဘေးကာကွယ် ထားရသည့် ဧရာဝတီတိုင်းဒေသကြီး၌ သဘာဝဘေးတုံ့ပြန့်ရေးအစီအမံများ ကြိုတင်ပြင်ဆင် လျက်ရှိကြောင်း သိရသည်။

 လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး၌ ဧရာဝတီနှင့် ငဝန်မြစ်ရေများ မြင့်တက်လာချိန် အစိုးရ၊ လွှတ်တော်နှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများမှ သဘာဝဘေးတုံ့ပြန့်ရေး ဆောင်ရွက်မှုများရှိနေခြင်းဖြစ်သည်။

မြေပြင်အစီအမံများအား ကွင်းဆင်းကြီးကြပ်စဉ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က အမှာစကားပြောကြားရာ၌ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ဝကျွန်းပေါ် ဒေသဖြစ်သည်နှင့်အညီ ဧရာဝတီမြစ်ညာဒေသတွေက ရွာသမျှမိုးရေတွေနဲ့ ချင်းတွင်းမြစ်ဝှမ်းက ရွာသမျှမိုးရေတွေကို စုပုံလက်ခံရတဲ့ဒေသဖြစ်ပါတယ်။ မိုးရာသီမှာ အထက်ဘက်ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်တို့ရဲ့ မြစ်ဝှမ်းလွင်ပြင်ဒေသတွေမှာ မိုးများစွာရွာသွန်းတဲ့အခါ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို မြစ်ရေများစွာသယ်ဆောင်လာပြီး မြစ်ရေကြီးလာမှာဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးဟာ မြေပြန့်မြေနိမ့်လွင်ပြင်ဒေသဖြစ်တာကြောင့် စိုက်ရေးပျိုးရေး အထူးကောင်းမွန်ပေမယ့် ဧရာဝတီမြစ်နဲ့ ၄င်းရဲ့လက်ခွဲ ငဝန်မြစ်တို့ဟာ ရေကြီးရေလျှံမယ်ဆိုရင် မြေပြန့်လယ်မြေတွေကို ရေနစ်မြုပ်စေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလိုစိုက်ပျိုးရေးအထူးကောင်းမွန်တဲ့ မြေပြန့်လွင်ပြင်လယ်မြေတွေကို တာတမံတွေနဲ့ကာကွယ်ကြရတာဖြစ်ပါတယ်။ ဒီအဖိုးတန်

လယ်မြေတွေကို ကာကွယ်ထားတဲ့ရေဘေးကာကွယ်ရေးတာတွေဟာ မိုးရာသီမိုးစပါးစိုက်ပျိုးတဲ့အချိန်တွေမှာ မထိခိုက်ဖို့အရေးကြီးပါတယ်ဟု ထည့်သွင်းပြောကြားသည်။

စိုက်ပျိုးရေးလုပ်ကိုင်ကြသူများနှင့် ဒေသတွင်း မှီတင်းနေထိုင်ကြသူများအနေဖြင့် မိမိတို့ဒေသအကျိုးစီးပွါးကို အကာအကွယ်ပေးလျက်ရှိသည့် တာတမံများ ရေရှည်တည်တံ့ရေး၊ ထိခိုက်ပျက်စီးမှုမရှိစေရေးအတွက် တာတမံဥပဒေများနှင့်အညီ လိုက်နာကြရန် လိုအပ်ကြောင်း ဝန်ကြီးချုပ်က လမ်းညွှန်မှာကြားသည်။

လွှတ်တော်ပိုင်းမှ ကွင်းဆင်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ပူးပေါင်းကော်မတီဥက္ကဌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်

ဦးကျော်ဝင်းနိုင်က “၁၉၇၄ ခုနှစ်မှာ အိပ်ပျက်ရေကာတာကျိုးတယ်။ ဧရာဝတီတိုင်းရဲ့ မြို့နယ်တစ်ဝက်နီးပါးလောက် ရေကြီးနစ်မြုပ်မှုဖြစ်သွားတယ်။ (၁၉၉၁)ခုနှစ်မှာတော့ ထိန်ငူရေကာတာကျိုးတယ်။ (၉)မြို့နယ်၊ (၁၀)မြို့နယ်လောက် တစ်မိုးတွင်းလုံး ရေဘေးကြုံရတာပေါ့။ တောင်သူလယ်သမားတွေရဲ့ လူမှုစီးပွါးဘဝတွေထိခိုက်ခဲ့တယ်။ ဒေသခံတွေအတိဒုက္ခရောက်ကြရတာပေါ့။ (၁၉၉၇) ခုနှစ်မှာတော့ ကျွဲတဲကုန်းရေကာတာကျိုးတယ်။ ဒါပေမယ့် ရေကျခါနီးမှာ ကျိုးတဲ့အတွက် ကြီးကြီးမားမားထိခိုက်မှုတော့မရှိခဲ့ဘူး။ မြို့နယ်တချို့လောက်ပဲ နည်းနည်းခံစားခဲ့ရတယ်။ ဒီလိုဘေးဒုက္ခတွေ ထပ်မဖြစ်နိုင်စေဖို့ရည်ရွယ်ပြီး လွှတ်တော်မှာလည်း အဆိုတင်ခဲ့တယ်။ လွှတ်တော်ကလည်း ပူးပေါင်းဆောင်ရွက်ရေးကော်မတီကို ဖွဲ့စည်းပေးခဲ့တယ်။ ရေကာတာတွေ ကြံ့ခိုင်လုံခြုံမှုရှိရေးကို ကျွန်ျတာ်တို့ကွင်းဆင်းပြီး သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပါတယ်ဟု ဖြေကြားသည်။

တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး ဌာနဆိုင်ရာများသာမက ပြည်သူများ၏ ပူးပေါင်းပါဝင်မှုလိုအပ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုက်တွန်းပြောကြားထားသည်။

 “ကျွန်တော်တို့ဒေသဘက်က ဧရာဝတီရဲ့ ခေါင်ပိုင်းပေါ့။ ဒေသခံတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ၊ စိုက်ပျိုးဧကတွေ ရေဘေးကြောင့် မထိခိုက်စေဖို့ တာတမံတွေနဲ့ ကာရံထားရတာဖြစ်ပါတယ်။ သဘာဝဘေးနဲ့ပတ်သက်ပြီး နှစ်စဉ်ဂရုပြုနေရတဲ့နေရာတွေမို့ ကြိုတင်ပြင်ဆင်မှုတွေ၊ လိုအပ်တာနဲ့ အရေးပေါ်တုံ့ပြန်မှုတွေ ချိတ်ဆက်မိမိပြင်ဆင်ထားနိုင်ဖို့ အရေးကြီးပါတယ်။ ဒေသတွင်းရော ရပ်ဝေးက ညီနောင်ပရဟိတအဖွဲ့တွေနဲ့  ကျွန်တော်တို့ချိတ်ဆက်မှုက အရင်ကတည်းက စီမံထားပြီးဖြစ်ပါတယ်။ ရှေ့နှစ်တွေက ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံတွေပေါ်မူတည်ပြီး ရုံးအဖွဲ့အနေနဲ့လည်း လိုအပ်တဲ့ သဘာဝဘေးကူညီမှုယာဉ်နဲ့ ပစ္စည်းတွေ၊ ပြီးတော့ Speed Boat ပါသေချာပြင်ဆင်ထားပါတယ်။ ရေဘေးကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်မှုတွေကိုလည်း မီးသတ်ဌာနနဲ့ အတူ ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါတယ်ဟု ဟင်္သာတခရိုင်ကွန်ရက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ဖြေကြားသည်။

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဧရာဝတီတိုင်းဒေသကြီးအတွင်း တာတမံ(၆၄)ခု၊ အလျားမိုင် (၁၃၂၁.၆၇)မိုင်ဖြင့် ရေဘေးကာကွယ်ဧက(၁၇)သိန်းကျော်အား ထိန်းသိမ်းကာကွယ်ထားရှိထားကြောင်း၊

ယင်းတို့အနက် မိုးတွင်းကာလ မြစ်ရေကြီးမှုကာကွယ်ရန် အရေးကြီးတာတမံ(၈)ခုရှိပြီး အလျားမိုင်(၄၀၀)ကျော်ဖြင့် ရေဘေးကာကွယ်ဧက (၁၁)သိန်းကျော်အား ရေဘေးအန္တရာယ်မှ ကာကွယ်ထားကြောင်း သိရသည်။

အောင်ကျော်မျိုး(ဟင်္သာတ)

Most Read

Most Recent