■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မင်းဘူးမြို့ရှိ မြို့မိမြို့ဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေး

■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မင်းဘူးမြို့ရှိ မြို့မိမြို့ဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေး
Published 13 July 2026

■ ပညာရေး အားနည်းမှုများကြောင့် လူတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝများ နိမ့်ကျစေနိုင်သကဲ့သို့ နိုင်ငံတော်အတွက်လည်း များစွာနစ်နာစေနိုင်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇူလိုင် ၁၂ ရက် မွန်းလွဲပိုင်းတွင် မင်းဘူးမြို့မှ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများအား မင်းဘူးမြို့သာသနာ့ဗိမာန်တော်၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မင်းဘူးမြို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။

နိုင်ငံတော်သမ္မတက ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့်ပတ်သက်၍ အမှာစကားပြောကြားရာတွင် မင်းဘူးမြို့သည် အချက်အချာကျသည့် မြို့တစ်မြို့ဖြစ်သည့်အတွက် ခရိုင်အတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးတွင် စံပြဖြစ်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မင်းဘူးမြို့သည် ပညာရေးအားကောင်းသည့် မြို့တစ်မြို့ဖြစ်ပြီး ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင်လည်း နိုင်ငံတော်အဆင့် အောင်မြင်မှုရရှိသူများ အများအပြားထွက်ပေါ်ခဲ့ကြောင်း၊ ပညာရေးတွင် “အစကောင်းမှ အနှောင်းသေချာမည်” ဖြစ်သဖြင့် သင်ကြားရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အခြေခံမှစ၍ ကောင်းမွန်အောင် ဆောင်ရွက်ပေးသွားကြရန်လိုကြောင်း ပြောကြားသည်။

မိမိတို့အစိုးရအနေဖြင့် KG+9 အထိ မသင်မနေရ ပညာရေးစနစ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ပြီး ပညာရေးကို အားပေးမြှင့်တင်ရေး ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာရေး အားနည်းမှုများကြောင့် လူတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝများ နိမ့်ကျစေနိုင်သကဲ့သို့ နိုင်ငံတော်အတွက်လည်း များစွာနစ်နာစေနိုင်ကြောင်း၊ အတန်းပညာရှိမှသာလျှင် အတတ်ပညာများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းအားဖြင့် ဗဟုသုတနှင့် ရသများကို ရရှိစေနိုင်မည်ဖြစ်ပြီး အသိအမြင်နှင့် စဉ်းစားဆင်ခြင်နိုင်စွမ်း၊ ဝေဖန်ပိုင်းခြား ဆုံးဖြတ်နိုင်စွမ်းများလည်း မြင့်မားလာစေမည်ဖြစ်ကြောင်း၊ အတန်းပညာ အားနည်းရုံသာမက စာဖတ်ခြင်းသည်လည်း အားနည်းမည်ဆိုပါက ဘဝရှင်သန်ရပ်တည်မှုတွင် ခက်ခဲစွာ ရုန်းကန်နေရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်စဉ်များကြောင့် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုတွင် လူငယ်လူရွယ်အများအပြား လက်နက်ကိုင်အကြမ်းဖက်သည့် လမ်းစဉ်သို့ ရောက်ရှိခဲ့ကြသည်ကို စိတ်မကောင်းဖွယ်ရာ တွေ့မြင်ရကြောင်း၊ ထိုသို့ဖြစ်ပေါ်လာရခြင်းမှာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၏ ဆွဲဆောင်စည်းရုံးခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်းတို့ကို အကောင်း အဆိုး၊ အကြောင်းအကျိုး စဉ်းစားဆင်ခြင်နိုင်စွမ်းနှင့် ဆုံးဖြတ်နိုင်စွမ်း အားနည်းမှုများကြောင့်ပင်ဖြစ်ကြောင်း၊ အဓိကမှာ အတန်းပညာပိုင်းဆိုင်ရာ အားနည်းမှုနှင့် စာပေအသိအမြင်ပိုင်းဆိုင်ရာ အားနည်းမှုတို့ကြောင့်ပင်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် သမိုင်းကြောင်းဆိုင်ရာများကို သင်ခန်းစာယူ၍ ပြုပြင်ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး ပညာရေးမြှင့်တင်မှုကို မဖြစ်မနေဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

ယခုအခါ မိမိတို့အစိုးရအနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများကို အခြေခံ၍ အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် အတန်းပညာနှင့် အတတ်ပညာများရှိပြီး မိမိခြေထောက်အပေါ် မိမိရပ်တည်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မင်းဘူးမြို့ သာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး စသည့်မြို့ပြတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူတစ်ဦးချင်းစီ ဝင်ငွေကောင်းမွန်ရန် လိုအပ်သကဲ့သို့ စီးပွားရေးလုပ်ငန်းများ ကောင်းမွန်အောင် ဆောင်ရွက်နိုင်ရေးအတွက်လည်း စီမံပေးကြရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတက မင်းဘူးမြို့မှ ဒေသခံပြည်သူများအတွက် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာ မြို့မိမြို့ဖတစ်ဦးက လက်ခံရယူသည်။

ယင်းနောက် တက်ရောက်လာကြသည့် မင်းဘူးမြို့ မြို့မိမြို့ဖများက ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့်ပတ်သက်၍ တင်ပြရာတွင် မင်းဘူးမြို့ ကမ်းနားလမ်းတစ်လျှောက် မြေနိမ့်ပိုင်းများ၌ ဧရာဝတီမြစ်ရေတက်ချိန်တွင် မြစ်ရေဝင်ရောက်မှုမရှိစေရေးအတွက် ရေထိန်းတာပေါင်နံရံ ဆောင်ရွက်ပေးစေလိုမှုနှင့် ကမ်းနားလမ်းအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှု၊ မင်းဘူး (စကု) မြို့နယ် ရွာသာယာကျေးရွာရှိ တိုက်နယ်ဆေးရုံ (၁၆) ခုတင်ဆံ့အား အဆောက်အအုံသစ် ခွင့်ပြုပေးစေလိုမှု၊ စကုမြို့အခြေခံပညာအထက်တန်းကျောင်းရှိ စက်မှု၊ စိုက်ပျိုးမွေးမြူရေး သင်တန်းကျောင်းသို့ ရပ်ဝေးမှလာရောက်တက်ရောက်ကြသည့် သင်တန်းသား၊ သင်တန်းသူများအတွက် အဆောင်ခွင့်ပြုပေးစေလိုမှု၊ မင်းဘူး (စကု) မြို့နယ် ဒေသအတွက် လိုအပ်လျက်ရှိသည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်လိုမှု၊ ကျောက်တန်းကျေးရွာရှိ စည်ပင်သာယာရေးအဖွဲ့၊ ရေပေးဝေခြင်းလုပ်ငန်းအား လျှပ်စစ်ဓာတ်အားအသုံးပြုခြင်းအစား ဆိုလာစနစ်ဖြင့် ဆောင်ရွက်နိုင်ရေး ခွင့်ပြုပေးစေလိုမှု၊ မင်းဘူးမြို့ အမှတ် (၁) ရပ်ကွက်ရှိ သနပ်ခါးတော မြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးစေလိုမှုနှင့် အခြားဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များကို တင်ပြကြခဲ့ကြကြောင်း သိရသည်။ 

Most Read

Most Recent