တရားသူကြီးများ၏ ကျင့်ဝတ်ဖောက်ဖျက်မှုနှင့် အဂတိလိုက်စားမှုများကို တိုင်ကြားနိုင်သည့် လွတ်လပ်သော တိုင်ကြားစာယန္တရားအား ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ မြောက်ဥက္ကလာပမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်က ဇူလိုင် ၁၀ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ မေးမြန်းသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်က တရားသူကြီးများ၏ ကျင့်ဝတ်ဖောက်ဖျက်မှုနှင့် အဂတိလိုက်စားမှုများကို တိုင်ကြားနိုင်သည့် လွတ်လပ်သော တိုင်ကြားစာယန္တရားအား ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် တရားရုံးအဆင့်ဆင့်၏ အဂတိကင်းစင်မှုနှင့် အရည်အသွေးကို တိုင်းတာသည့် ညွှန်းကိန်းများ သတ်မှတ်ထားခြင်း ရှိ၊ မရှိ မေးခွန်းမေးမြန်းခဲ့ခြင်းဖြစ်သည်။
“တရားစီရင်ရေးကဏ္ဍမှာ ရာဇဝတ်မှုများနဲ့ ပြည်သူများရဲ့ အငြင်းပွားမှုများ၊ နစ်နာမှုများ ဖြစ်လာလို့ရှိရင် တရားရုံးများဟာ ကုစားရာနေရာ၊ အားကိုးရာနေရာအဖြစ် အားထားနေကြရပါတယ်။ အကယ်၍ တရားစီရင်ရေးကဏ္ဍမှာ ဆန္ဒဂတိ၊ ဒေါသဂတိ၊ ဘယာဂတိ၊ မောဟဂတိဆိုတဲ့ အဂတိများ ရှိနေခဲ့မယ်ဆိုရင် ပြည်သူတို့ရဲ့ အားကိုးယုံကြည်မှုတွေ လျော့နည်းလာပြီး ဥပဒေပြင်ပမှာ ဖြေရှင်းကြရင်ဖြင့် တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်ရေး စတာတွေ အားနည်းလာမှာဖြစ်ပါတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်က မေးခွန်းမေးမြန်းရာတွင် ထည့်သွင်းပြောကြားသည်။
ထိုသို့ မေးမြန်းမှုနှင့်ပတ်သက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသိန်းကိုကိုက မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးကာလ၌ အဂတိလိုက်စားခြင်းများကို တားမြစ်ရန် ၁၉၄၈ ခုနှစ်၊ အဂတိလိုက်စားမှုတားမြစ်ရေးအက်ဥပဒေကို ပြဋ္ဌာန်းဆောင်ရွက်ခဲ့ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအသစ်ကို ၂၀၁၃ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့ကြောင်းနှင့် ယင်းဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်သူ မည်သူ့ကိုမဆို ကင်းလွတ်ခွင့်ပေးထားခြင်းမရှိကြောင်း ပြောကြားသည်။
မြို့နယ်တရားရုံးများနှင့် ခရိုင်တရားရုံးများတွင် တာဝန်ထမ်းဆောင်ကြသည့် တရားသူကြီးများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်ကြသည့်အားလျော်စွာ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ဝန်ထမ်းကျင့်ဝတ်များကို လိုက်နာကြရသည့်အပြင် တစ်ဖက်တွင်လည်း တရားစီရင်ရေးကျင့်ဝတ်များကို လိုက်နာရန် တာဝန်ရှိကြောင်း၊ တရားသူကြီးများအတွက် တရားစီရင်ရေးကျင့်ဝတ်ကိုလည်း ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသိန်းကိုကိုက ပြောကြားသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူရန်မသင့်၍ လွှဲပြောင်းပေးသည့် တိုင်စာများ၊ နိုင်ငံတော်သမ္မတရုံးက လွှဲပြောင်းပေးပို့သည့် တိုင်စာများ၊ မိမိတို့ဌာနသို့ တိုက်ရိုက်တိုင်ကြားသည့် တိုင်စာများအပေါ်တွင် ကျင့်ဝတ်ဖောက်ဖျက်မှု၊ ဝန်ထမ်းစည်းကမ်း ဖောက်ဖျက်မှုများရှိကြောင်း အခြေအမြစ်ရှိပါက ဌာနဆိုင်ရာစုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ပြီး နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ ဌာနဆိုင်ရာ ပြစ်ဒဏ်ပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ တရားရေးအရာရှိများနှင့် ဝန်ထမ်းများအပေါ် ပြစ်ဒဏ်ချမှတ်ခဲ့သည့် အချက်အလက်များကိုလည်း တရားရုံးနှစ်စဉ်အစီရင်ခံစာများတွင် ပွင့်လင်းမြင်သာစွာ ထည့်သွင်းဖော်ပြလျက်ရှိကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသိန်းကိုကိုက ပြောကြားသည်။
တရားရုံးအဆင့်ဆင့်၏ အဂတိကင်းစင်မှုနှင့် အရည်အသွေးကို တိုင်းတာသည့် ညွှန်းကိန်းများ (key performance indicators-KPIS) သတ်မှတ်မှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်သင့်သည့် လုပ်ငန်းတစ်ရပ်အဖြစ် မှတ်သားထားပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ အကြံဉာဏ်များ ရယူ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသိန်းကိုကိုက ပြောကြားသည်။
ထို့အပြင် တရားသူကြီးများ၏ ကျင့်ဝတ်ဖောက်ဖျက်မှုများနှင့် အဂတိလိုက်စားမှုများကို တိုင်ကြားနိုင်သည့် လွတ်လပ်သော တိုင်ကြားစာယန္တရားများအား ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်းဖြင့်လည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသိန်းကိုကိုက ပြန်လည်ဖြေကြားခဲ့သည်။















