အာဆီယံပဋိညာဉ်ကို ချိုးဖောက်သည့် ဖိလစ်ပိုင်နိုင်ငံ အာဆီယံအဖွဲ့မှ နုတ်ထွက်သင့်သည်ဟု ဇူလိုင် ၉ ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအတွင် ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောကြားသည်။
အာဆီယံထုတ်ပြန်ချက် (၅) ရပ်သည် အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံ၏ တန်းတူရည်တူရှိမှုကို ထိခိုက်စေပြီး နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်းမပြုရန်ဟူသော အာဆီယံ၏ အခြေခံမူများနှင့် ကွဲလွဲနေသည့်အပြင် မြန်မာနိုင်ငံ၏ လက်ရှိပကတိနိုင်ငံရေးအခြေအနေနှင့် ကိုက်ညီမှုမရှိသည့်အတွက် လိုအပ်သကဲ့သို့ သုံးသပ်ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ကလောမဲဆန္ဒနယ်မှ ဒေါက်တာနန္ဒာလှမြင့်က ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းထားပြီး ယင်းအဆိုနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အာဆီယံထုတ်ပြန်ချက် (၅) ရပ်သည် သဘောတူစာချုပ် (Treaty) မဟုတ်ဘဲ နိုင်ငံရေးအရေးအရာတွင်လည်း (Political Understanding/ Commitment) သာဖြစ်ပြီး မည်သည့်နိုင်ငံကမျှ အတည်ပြုချက် (Ratification) မလုပ်ခဲ့သကဲ့သို့ နိုင်ငံရေးအရ တိုက်တွန်းချက် (Hortatory Language) မျှသာဖြစ်ကြောင်း၊ အာဆီယံထုတ်ပြန်ချက် (၅) ရပ်ကို မလိုက်နာပါက အစည်းအဝေး မတက်ရဆိုသည့် ကန့်သတ်ချက် လုံးဝပါဝင်ခြင်းမရှိသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ပဋိညာဉ်တွင် မပါဝင်သည့်အချက်ကို ဖိလစ်ပိုင်အနေဖြင့် ဖန်တီးထည့်သွင်း၍မရသည်ကို ထောက်ပြလိုကြောင်း ဦးလှဆွေက ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးပြောကြားသည်။
"ကျွန်တော် ဦးလှဆွေအနေနဲ့ ဆွေးနွေးချင်တာကတော့ ကျွန်တော်တို့က တိုက်စစ်ဖွင့်မယ်။ ပဋိညာဉ်ကို ဘယ်သူဖောက်ဖျက်တာလဲ။ ကျွန်တော်တို့က ကျွန်တော်တို့ နိုင်ငံနဲ့ ပတ်သက်လို့ သူများနိုင်ငံက သူပုန်တွေ၊ သူများနိုင်ငံက လက်နက်ကိုင်သောင်းကျန်းသူတွေကို ခေါ်ပြီး ဆွေးနွေးတာတွေ၊ ဘာတွေ ကျွန်တော်တို့ မလုပ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံက အတိုက်အခံတွေ၊ ကျွန်တော်တို့ နိုင်ငံက ပြည်ပြေးတွေ၊ ကျွန်တော်တို့နိုင်ငံက ဝရမ်းပြေးတွေကို သူတို့က ဆွေးနွေးတယ်။ ဒါဟာ သူတို့က ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်တွင်းရေးကို စွက်ဖက်နေတာ။ သူတို့က ပဋိညာဉ်ကို ချိုးဖောက်တာ။ ဒါကြောင့်မို့လို့ ပဋိညာဉ်ကို ချိုးဖောက်ကြရင် နုတ်ထွက်ကြစတမ်းဆို ကျွန်တော်တို့ နိုင်ငံက နုတ်ထွက်စရာ မလိုဘဲနဲ့ ပဋိညာဉ်ကို ချိုးဖောက်ပြီးတော့မှ ဒီ Statement တွေကို ထုတ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံသာလျှင် အာဆီယံအဖွဲ့ကြီးက နုတ်ထွက်သင့်ပါတယ်လို့ ပြောရင်း နိဂုံးချုပ်ပါတယ်ခင်ဗျား"ဟု ဦးလှဆွေက ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးသည်။
နိုင်ငံအချင်းချင်းဆက်ဆံရေးမရှိပါက မိတ်ဖက်ယန္တရား လေဟာပြင် (Counterpart Vacuum) ဖြစ်ပေါ်ပြီး နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ သဘာဝဘေး ပူးပေါင်းတုံ့ပြန်ရေးများ၊ လူသားချင်းစာနာမှု ဆောင်ရွက်ရေးများကို အဟန့်အတားဖြစ်စေကြောင်း၊ ကာလရှည်ကြာ ဖယ်ကြဉ်ထားမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးသည် ပြင်ပအင်အားကြီး နိုင်ငံများက မြန်မာ့အရေးကို ဖိတ်ခေါ်ပြီး ဒေသတွင်းကို အာဏာလွှမ်းမိုးမှု ပြုလုပ်နိုင်သည်ကို သတိပြုသင့်ကြောင်း၊ ကမ္ဘာကြီး Multipolarity စနစ်ကို ကူးပြောင်းနေချိန်တွင် ဘက်စုံဖွံ့ဖြိုးမှု အလားအလာကောင်းနေသည့် အာဆီယံအဖွဲ့သည် ပို၍စည်းလုံးရမည်ဖြစ်သော်လည်း အခြေခံမူကိုမျက်ကွယ်ပြုပြီး ကန့်သတ်ချုပ်ချယ်မှုများ ဆောင်ရွက်နေသည်ကို စိတ်မကောင်းစွာတွေ့ရကြောင်း၊ မိမိတို့နိုင်ငံ၏ အမျိုးသားသိက္ခာ (National Point of Honour) ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် မှန်ကန်စွာရပ်တည်ခဲ့သည့်အတွက် နုတ်ထွက်စရာမလိုဘဲ အစည်းအဝေးပြီးမှ Statement ထုတ်သည့်အတွက် ဖိလစ်ပိုင်ကသာ ပဋိညာဉ်ကို ချိုးဖောက်သောကြောင့် ၎င်းသာ အာဆီယံက နုတ်ထွက်သင့်ကြောင်း ဦးလှဆွေက ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးသည်။
ယခုအဆိုသည် အာဆီယံကို စိန်ခေါ်ခြင်းမဟုတ်ဘဲ အာဆီယံပဋိညာဉ် (ASEAN Charter)၊ နိုင်ငံတကာစာချုပ်ဥပဒေနှင့် နိုင်ငံတကာဓလေ့ထုံးတမ်းဥပဒေတို့အပေါ်အခြေခံ၍ မိမိတို့၏တရားဝင်ရပ်တည်ခွင့်ကို ပြန်လည်အသက်သွင်းရန် တောင်းဆိုခြင်းသာဖြစ်ကြောင်း၊ အာဆီယံထုတ်ပြန်ချက် ၅ ရပ်ကို ၂၀၂၁ ခုနှစ်ဧပြီလတွင်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်က မြန်မာနိုင်ငံသည် နိုင်ငံရေးအကျပ်အတည်းကို ရင်ဆိုင်နေရဆဲကာလဖြစ်ကြောင်း၊ ယင်းသဘောတူညီချက်သည် အကျပ်အတည်းကိုဖြေရှင်းရန်ရည်ရွယ်သော ယာယီမူဘောင်တစ်ရပ်သာဖြစ်ကြောင်း တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဒေါက်တာ ကျော်ဆွေကလည်း ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးသည်။
ထို့ကြောင့် ၂၀၂၁ ခုနှစ် အကျပ်အတည်းကာလအတွက် ရည်ရွယ်ချက်ဖြင့် ရေးဆွဲခဲ့သောမူဘောင်ကို ယနေ့အချိန်တွင် ဆက်လက်စည်းနှောင်ရန် ဥပဒေရေးရာအရဖြစ်စေ၊ နိုင်ငံရေးအရဖြစ်စေ လုံလောက်သော အကြောင်းပြချက်မရှိတော့ကြောင်း၊ အဆိုပါမူဘောင်ကို လက်ရှိမြေပြင်အခြေအနေနှင့်ကိုက်ညီအောင် ပြန်လည်သုံးသပ်ပြင်ဆင်ခြင်း သို့မဟုတ် အသစ်ပြုပြင်ထားသော မူဘောင်တစ်ရပ်ဖြင့် အစားထိုးခြင်းသည် ယခုအခါ တရားဝင်တောင်းဆိုခွင့်ရှိသော အချက်ဖြစ်လာကြောင်းလည်း ဒေါက်တာ ကျော်ဆွေက ဆွေးနွေးသည်။
ဤအဆိုသည် အာဆီယံနှင့်ထိပ်တိုက်ရင်ဆိုင်ရန် သို့မဟုတ် အာဆီယံမှခွဲထွက်ရန် ရည်ရွယ်ခြင်းမဟုတ်ကြောင်း၊ မြန်မာနိုင်ငံသည် နိုင်ငံတကာဆက်ဆံရေးတွင် မိတ်ဝတ်မပျက်၊ သံတမန်ကျင့်ဝတ်ကို လေးစားလိုက်နာကြောင်း၊ အာဆီယံ မိသားစုအတွင်း မိမိတို့၏ ရပ်တည်မှုကို ယခုအချိန်တွင် ပြန်လည်သတ်မှတ်ရမည့်အချိန်ကျရောက်လာပြီဖြစ်ကြောင်း၊ အာဆီယံသဘောတူညီချက် (၅) ရပ်သည် မြန်မာနိုင်ငံကို အကန့်အသတ်မဲ့ ချုပ်နှောင်ရန် ရည်ရွယ်သည့်ကိရိယာမဟုတ်ဘဲ ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်ရေးအတွက် အထောက်အကူပြုရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း၊ ယခုအခါ ငြိမ်းချမ်းရေးအတွက် သင့်လျော်သော လမ်းကြောင်းသစ်ကို မိမိတို့ကိုယ်တိုင် ဖန်တီးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အရေးကြီးသောအဆိုအား ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးကြစေလိုကြောင်း ဒေါက်တာ ကျော်ဆွေက ထောက်ခံဆွေးနွေးသည်။















