မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအပြန်အလှန် ဗီဇာကင်းလွတ်ခွင့် တရားဝင်အသက်ဝင်ပြီး ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း တစ်ဖက်စာချုပ်ဝင်နိုင်ငံပိုင်နက်နယ်မြေတွင် ရက်ပေါင်း ၉၀ နေထိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း နိုင်ငံတကာရှိ မြန်မာသံရုံးများ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံအစိုးရတို့အကြား ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ပေးရေးဆိုင်ရာ သဘောတူစာချုပ်အရ နှစ်နိုင်ငံအပြန်အလှန် ဗီဇာကင်းလွတ်ခွင့်သည် ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၈ ရက်မှစတင်၍ တရားဝင် အသက်ဝင်ပြီးဖြစ်ကြောင်း အသိပေးကြေညာအပ်သည်ဟု သိရသည်။
အဆိုပါသဘောတူညီချက်အရ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံမှ သက်တမ်းရှိ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော နိုင်ငံသားများသည် တစ်ဖက်စာချုပ်ဝင်နိုင်ငံနယ်မြေအတွင်း အိမ်ရှင်နိုင်ငံ၏ တည်ဆဲဥပဒေများနှင့်ကိုက်ညီပါက ရက်ပေါင်း (၃၀) ဗီဇာကင်းလွတ်ခွင့်ဖြင့် နေထိုင်ခွင့်ရရှိမည် ဖြစ်ပြီး ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း တစ်ဖက်စာချုပ်ဝင်နိုင်ငံ ပိုင်နက်နယ်မြေတွင် ရက်ပေါင်း (၉၀) နေထိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်သည်ဟု ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။















