မန္တလေးတိုင်းဒေသကြီးတွင် ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး-မန္တလေး (၈)ထပ် ကလေးကုသဆောင်သစ် ဖွင့်လှစ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ဇူလိုင် ၄ ရက်က ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး-မန္တလေး (၈)ထပ် ကလေးကုသဆောင်သစ် ဖွင့်ပွဲကို ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အဆောက်အဦသစ်ကို ဖွင့်လှစ်ပေးသည်။
ထို့နောက် (၈)ထပ် ကလေးဆေးကုသဆောင်သစ် မြေညီထပ်ရှိ အရေးပေါ်နှင့် ပြင်ပလူနာဌာန၊ ဓာတ်ခွဲနမူနာ လက်ခံဌာနနှင့် ဓာတ်မှန်ဌာန၊ ပထမထပ်ရှိ ခွဲစိတ်ခန်းများ၊ ဒုတိယထပ်ရှိ ကလေးခွဲစိတ်ကုသဆောင်၊ ဆဋ္ဌမထပ်ရှိ ကလေးကုသဆောင်နှင့် အပေါ်ဆုံးရှိ စာသင်ခန်းများနှင့် အစည်းအဝေးခန်းမကြီးတို့ကို လှည့်လည်ကြည့်ရှုကြသည်။
ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး-မန္တလေးတွင် ကလေးအထူးကုဌာန၊ ကလေးခွဲစိတ်အထူးကုဌာန၊ ကလေးအထူးကြပ်မတ်ကုသဌာန၊ ကလေးအရိုးအထူးကုဌာန၊ ကလေး ဖွံ့ဖြိုးမှုပြင်ပလူနာဌာန၊ ကလေးနှလုံးကုသပြင်ပလူနာဌာန၊ မွေးကင်းစအထူးကြပ်မတ်ကုသဆောင် တို့ဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိသည်။
ယင်းနောက် မန္တလေးပြည်သူ့ဆေးရုံကြီး၊ ကင်ဆာရောဂါ ကုသဆောင်၌ ကင်ဆာဆေးသွင်းဌာန၊ အတွင်းလူနာဆောင်များ၊ ဓာတ်ခွဲဌာနနှင့် ဓာတ်မှန်ဌာန၊ သွားနှင့်ခံတွင်းအထူးကုဌာန(ကန်တော်နဒီ)၌ သွားနှင့်ခံတွင်းကုသမှုများ ဆောင်ရွက်ပေးနေမှု၊ ခေတ်မီဒစ်ဂျစ်တယ်နည်းပညာဖြင့် ပုလဲသွားတု (Zirconia crown) ပြုလုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။















