အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဒုတိယသက်တမ်း ပြန်လည်ထမ်းဆောင်သည့် ပထမဆုံးနှစ်တွင် ၎င်း၏မိသားစုဝင်များ လုပ်ကိုင်နေသော ဒီဂျစ်တယ်ငွေကြေးလုပ်ငန်းများ (ခရစ်ပတို) မှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံခန့် ရရှိခဲ့သည်ဟု ဇွန် ၃၀ ရက်တွင် ထုတ်ပြန်သည့် ဘဏ္ဍာရေးအစီရင်ခံစာအရ သိရသည်။
အမေရိကန် အစိုးရကျင့်ဝတ်ရုံး (US Office of Government Ethics) က ထုတ်ပြန်သော စာမျက်နှာ ၉၂၇ မျက်နှာပါ အစီရင်ခံစာတွင် ထရန့်သည် ၂၀၂၅ ခုနှစ်အတွင်း World Liberty Financial အမည်ရှိ ခရစ်ပတိုအခြေပြု လုပ်ငန်းသစ်နှင့်ပတ်သက်မှုများမှတစ်ဆင့် ဒေါ်လာ ၅၅၀ သန်းနီးပါး ရရှိခဲ့သည်ဟု ဆိုသည်။
World Liberty Financial (WLF) ကုမ္ပဏီကို ထရန့်၏သားများနှင့် ထရန့်အတွက် အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးသံတမန်အဖြစ် ဆောင်ရွက်နေသော စတိဗ်ဝစ်ကော့ဖ်၏သားဖြစ်သူတို့က ၂၀၂၄ ခုနှစ် စက်တင်ဘာတွင် ပူးတွဲတည်ထောင်ခဲ့ကြခြင်းဖြစ်သည်။
ထို့အပြင် ၎င်း၏အမည်ကို အသုံးပြုခွင့်ပေးထားသည့် လိုင်စင်သဘောတူညီချက်အရ $TRUMP ခရစ်ပတိုငွေကြေးမှ မူပိုင်ခွင့်ကြေး (Royalties) ဒေါ်လာ ၆၃၅ သန်း ရရှိခဲ့သည်ဟု ဖော်ပြထားသည်။ အဆိုပါ $TRUMP ဒီဂျစ်တယ်ငွေကြေးကို ဒေါ်နယ်ထရန့် သမ္မတပြန်ဖြစ်ခါနီး နာရီပိုင်းအလို ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် စတင်ခဲ့ခြင်းဖြစ်သည်။
Forbes မဂ္ဂဇင်း၏ ဖော်ပြချက်အရ သမ္မတထရန့်၏ပိုင်ဆိုင်မှုသည် ၂၀၂၄ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်အကြားတွင် ဒေါ်လာ ၂ ဒသ ၃ ဘီလျံမှ ဒေါ်လာ ၆ ဒသမ ၅ ဘီလျံအထိ သုံးဆနီးပါး တိုးလာခဲ့ပြီး ၎င်း၏ ပိုင်ဆိုင်မှု ဤမျှအထိ မြင့်တက်တက်လာရခြင်း၏ အဓိကအကြောင်းအရင်းမှာ ခရစ်ပတိုလုပ်ငန်းများကြောင့် ဖြစ်သည်ဟုဆိုသည်။
အိမ်ခြံမြေလုပ်ငန်းရှင်ကြီး ဖြစ်ခဲ့သူ ထရန့်သည် သမ္မတတာဝန်ထမ်း ဆောင်နေစဉ်ကာလအတွင်း ခရစ်ပတိုကဏ္ဍဆိုင်ရာ စည်းမျဉ်းများကို ဖြေလျှော့ပေးသည့် အစီအမံများကို ချမှတ်ခဲ့ပြီး၊ တစ်ဖက်တွင်လည်း ၎င်းကိုယ်တိုင် ခရစ်ပတိုလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ယင်းလုပ်ငန်းများ၏ ဈေးနှုန်းကို တဟုန်ထိုး မြင့်တက်စေခဲ့ကာ အကျိုးစီးပွား ပဋိပက္ခ (Conflicts of Interest) ဖြစ်ပေါ်စေခဲ့သည်ဟူသောစွပ်စွဲမှုများနှင့်လည်း ဆက်တိုက် ရင်ဆိုင်နေရသည်။
သို့ရာတွင် အိမ်ဖြူတော်ကမူ ထိုကျင့်ဝတ်ဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ပယ်ချလိုက်ပြီး အိမ်ဖြူတော် ဒုတိယသတင်းပြန်ကြားရေးမှူး အန်နာကယ်လီက AFP သို့ ပေးပို့သည့် ထုတ်ပြန်ချက်တွင် "သမ္မတ သို့မဟုတ် ၎င်း၏ မိသားစုဝင်များသည် အကျိုးစီးပွား ပဋိပက္ခဖြစ်စေမည့် ကိစ္စရပ်များတွင် မည်သည့်အခါမျှ ပါဝင်ပတ်သက်ခဲ့ခြင်း မရှိသလို၊ နောင်တွင်လည်း ပါဝင်ပတ်သက်မည် မဟုတ်ပါ" ဟု ဖော်ပြခဲ့သည်။
ထို့အပြင် သမ္မတထရန့်သည် အမေရိကန်ပြည်ထောင်စုကို ကမ္ဘာ့ခရစ်ပတိုမြို့တော် (Crypto Capital) ဖြစ်လာစေရန် ဂုဏ်ယူစွာဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်ဟု ကယ်လီက ဆက်လက်ဖော်ပြခဲ့သည်။
Ref: AFP
Photos: AFP















