ဗင်နီဇွဲလားတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၁၅၀၀ နီးပါးရှိလာ

ဗင်နီဇွဲလားတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၁၅၀၀ နီးပါးရှိလာ
Published 30 June 2026
Ref;AFP

ဗင်နီဇွဲလားနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်များကြောင့် သေဆုံးသူအရေအတွက်သည် ၁၅၀၀ နီးပါးရှိလာကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

နိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်း နက်ရှိုင်းစွာ ဆိုက်ရောက်နေသည့် အဆိုပါနိုင်ငံတွင် အဆိုးရွားဆုံး ထိခိုက်ခံရသည့် လာဂွိုင်ရာပြည်နယ်သို့ နိုင်ငံခြားကယ်ဆယ်ရေးအဖွဲ့များ အစုလိုက်အပြုံလိုက် ဝင်ရောက်လာပြီး ပျောက်ဆုံးနေသူများကို ရှာဖွေနေဆဲဖြစ်သည်။

ကာရာကတ်စ်မြို့၏ မြောက်ဘက် ၄၀ ကီလိုမီတာ (၂၅ မိုင်) ခန့်အကွာတွင် တည်ရှိသော ကမ်းရိုးတန်းပြည်နယ်၌ အဆောက်အအုံ ဒါဇင်ပေါင်းများစွာသည် သဲပုံများနှင့် အပျက်အစီးပုံများအဖြစ် ပြိုကျပျက်စီးခဲ့သည်။

“ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ ဇွန်၃၀ ရက်မှာ အသက်ရှင်လျက်ရှိနေသူတွေကို ကယ်တင်နိုင်ခဲ့လို့ လုပ်ငန်းတွေကို ရပ်ဆိုင်းထားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အမြဲတမ်းမျှော်လင့်ချက်ထားရှိပါတယ်” ဟု အဆောက်အအုံများတွင် လူနေထိုင်ရန် သင့်မသင့် ဆုံးဖြတ်မည့် ကော်မရှင်တစ်ခုကို ကြေညာပြီးနောက် ယာယီသမ္မတ ဒယ်လ်ဆီရိုဒရီဂွက်ဇ်က ပြောကြားခဲ့သည်။

၎င်း၏ ဝန်ကြီးအချို့နှင့်အတူ ရိုဒရီဂွက်ဇ်က ကျောင်းသင်ခန်းစာများကို နောက်ထပ်တစ်ပတ် ထပ်မံရပ်နားထားမည်ဖြစ်ပြီး လာဂွိုင်ရာရှိ လျှပ်စစ်ဓာတ်အားပေးဝေမှုကို ၇၅ ရာခိုင်နှုန်းအထိ ပြန်လည်ရရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဇန်နဝါရီလအတွင်း အမေရိကန်၏ ဝင်ရောက်စီးနင်းမှုတစ်ခုကြောင့် နီကိုးလက်စ်မာဒူရိုသမ္မတ ရာထူးမှ ဖယ်ရှားခံရပြီးကတည်းက ရိုဒရီဂွက်ဇ်ခေါင်းဆောင်ခဲ့သည့် အစိုးရသည် လာဂွိုင်ရာသို့ ကူညီပံ့ပိုးပေးနေသည့် အရပ်ဘက် စေတနာ့ဝန်ထမ်းများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သော်လည်း၊ ယာဉ်ကြော ပိတ်ဆို့မှုများကြောင့် အရေးပေါ်ယာဉ်များထိရောက်စွာ သွားလာမှုကို အဟန့်အတားဖြစ်စေသည်ဟုဆိုကာ လမ်းများသို့ ဝင်ရောက်ခွင့်ကို ကန့်သတ်ခဲ့သည်။

အစောပိုင်းကမူ ယာယီသမ္မတ၏မောင်ဖြစ်သူနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဟိုဆေး ရိုဒရီဂွက်ဇ်က ဇွန် ၃၀ ရက်တွင် သေဆုံးသူအရေအတွက် ၂၀  ထပ်မံတိုးလာသဖြင့် စုစုပေါင်း ၁၄၅၀ ဦးရှိလာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် လူပေါင်း ၃၁၅၀ ဦး ဒဏ်ရာ ရရှိထားပြီး ၁၂၇၂၁ ဦး အိုးအိမ်စွန့်ခွာခဲ့ရကာ အဆောက်အအုံ ၇၇၄ လုံး ပြိုကျပျက်စီးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ကျွန်တော်တို့ဟာ လူ့အသက်တွေကို ဆက်လက်ကယ်ဆယ်ဖို့နဲ့ နေအိမ်တွေ ဆုံးရှုံးခဲ့ရသူတွေဒါမှမဟုတ် အကြောင်းအမျိုးမျိုးကြောင့် သူတို့ရဲ့ နေအိမ်တွေကို ပြန်လို့မရတော့တဲ့သူတွေ တည်းခိုနေထိုင်နိုင်မယ့်စခန်းတွေ တည်ဆောက်ဖို့အတွက် အလွန်အရေးကြီးတဲ့အဆုံးအဖြတ်ပေးမယ့် နာရီပိုင်း အချိန်တွေထဲကို ရောက်ရှိနေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံခြား ကယ်ဆယ်ရေးလုပ်သား ၂၆၀၀ ကျော် မရောက်ရှိလာမီ ရက်ပိုင်းအလိုကတည်းက သေဆုံးသူများနှင့် အသက်ရှင်ကျန်ရစ်သူများကို အပျက်အစီးပုံများထဲမှ ဆွဲထုတ်ရန် မိသားစုဝင်များနှင့် စေတနာ့ဝန်ထမ်းများသည် ရက်ပေါင်းများစွာ အချိန်ကုန်လွန်ခဲ့ကြရသည်။                            

 

Most Read

Most Recent