၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မွန်အမျိုးသားကျောင်းများမှ စာမေးပွဲဝင်ရောက်ဖြေဆိုသူ ၇၆ ဦးအနက် ၁၃ ဦး အောင်မြင်ခဲ့ကြောင်း မွန်အမျိုးသားပညာရေးကော်မတီထံမှ သိရသည်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ မွန်အမျိုးသားကျောင်းများဖြစ်ကြသည့် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဝင်္ကဝါကျောင်းမှ ၃၆ ဦး၊ ရေးမြို့နယ်ရှိ ညီဆားကျောင်းမှ ၁၈ ဦး၊ အံဒင်ကျောင်းမှ ၂၀ ဦး၊ သံဖြူဇရပ်မြို့နယ်ရှိ ပငကျောင်းမှ နှစ်ဦး စုစုပေါင်း ၇၆ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြရာ ဝင်္ကပါကျောင်းမှ ငါးဦး၊ ညီဆားကျောင်းမှ ငါးဦး၊ အံဒင်ကျောင်းမှ နှစ်ဦးနှင့် ပငကျောင်းမှ တစ်ဦး စုစုပေါင်း ၁၃ ဦးအောင်မြင်ခဲ့ကြပြီး အောင်ချက် ၁၇ ဒသမ ၁၁ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။
“မနှစ် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲထက်စာရင် အောင်ချက်ရာခိုင်နှုန်း တက်လာတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် စာမေးပွဲဝင်ရောက်ဖြေဆိုကြတဲ့ ကျောင်းသား/သူဦးရေကတော့ နည်းသွားတယ်” ဟု မွန်အမျိုးသားပညာရေးကော်မတီဝင်တစ်ဦးက ပြောကြားသည်။
တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်ကြသည့် ကျောင်းသား/သူများအနေဖြင့် Pre – College တစ်နှစ် တက်ရောက်ပြီးပါက မွန်ပြည်သစ်ပါတီမှ ညီဆားစခန်းတွင် ဖွင့်လှစ်ထားသော မွန်အမျိုးသားကောလိပ်သို့ တက်ရောက်နိုင်သည့်အခွင့်အရေးရှိသေးသည့်အပြင် မွန်အမျိုးသားကျောင်းများတွင် (Grade – 12) အတန်း ပြန်လည်တက်ရောက်ခြင်း သို့မဟုတ် မွန်အမျိုးသားပညာရေးကော်မတီ စာစစ်ဌာနအဖွဲ့မှ ပြုလုပ်သည့် ဒွါဒဿမတန်းစာမေးပွဲကို ဖြေဆိုရန် စာသင်နှစ်အစမှ ရွေးချယ်ခွင့်ပေးထားကြောင်းလည်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မွန်အမျိုးသားကျောင်းများမှ ကျောင်းသား/သူ ၁၂၇ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ခြောက်ဦးသာ အောင်မြင်ခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ မွန်ပြည်နယ်အတွင်း စာမေးပွဲဝင်ရောက်ဖြေဆိုသူ ၁၀၅၄၂ ဦးရှိခဲ့ပြီး ၅၉၂၄ ဦး အောင်မြင်ခဲ့ကာ အောင်ချက်ရာခိုင်နှုန်း ၅၆ ဒသမ ၁၉ ရာခိုင်နှုန်းသာရှိခဲ့ပြီး တစ်နိုင်ငံလုံးတွင် အဆင့် ၄ သာရရှိခဲ့ကြောင်း မွန်ပြည်နယ်ပြည်နယ်ပညာရေးမှူးရုံးနှင့် နီးစပ်သူများထံမှ သိရသည်။















