■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံ

■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံ
Published 29 June 2026

အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိသည့်  အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ပေးရန်နှင့်  ပညာရေးကိုဖျက်ဆီးခြင်းသည် နိုင်ငံ၏ အနာဂတ်ကို ဖျက်ဆီးခြင်းဖြစ်ကြောင်း နိုင်ငံ​တော်သမ္မတ​ပြောကြား

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များအား ယနေ့(ဇွန် ၂၉ ရက်)နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံးတော်၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာ စကားပြောကြားခဲ့​ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဒေါက်တာ ချောချောစိန်၊ ဒေါက်တာ မျိုးသိန်းကျော်၊ ဦးမင်းနောင်နှင့် ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ တက် ရောက်ခဲ့​ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်ထောင်စုမှ ဆောင်ရွက်ပေးရသည့် အမျိုးသားအဆင့်စီမံကိန်းများရှိသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အကောင်အထည်ဖော်ဆောင်ရွက်ရသည့် စီမံကိန်းများလည်းရှိကြောင်း၊ အဆိုပါစီမံကိန်းများကို အကျိုးရှိရှိအောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ရှိပြီးဖြစ်သည့် ထူးခြားသည့်ဝိသေသများအရ စိုက်ပျိုးမွေးမြူရေး ဖြစ်ထွန်းအောင်မြင်နိုင်သော လုပ်ငန်းများကို ဖိဖိစီးစီးရွေးချယ်လုပ်ကိုင်ရန်နှင့် အခြားလုပ်ငန်းများကိုလည်း မိမိတို့တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လိုအပ်သလိုအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ထို့ကြောင့် မိမိတို့တွင်ရှိပြီးဖြစ်သည့် ဒေသအလိုက် အားသာချက်များကို အဓိကအသုံးချ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို ဆောင်ရွက်သွားကြစေလိုကြောင်း ​ပြောကြားသည်။

ထို့ပြင် နိုင်ငံတစ်ဝန်း လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်စေရေး မူဝါဒချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ လမ်းများရေရှည်တည်တံ့ကောင်းမွန်နေစေရေးနှင့် သတ်မှတ်ထားသည့် လမ်းအင်္ဂါရပ်များနှင့်အညီဖြစ်စေရေး ဆောင်ရွက်ရန်လိုကြောင်း၊ လမ်းများရေရှည်ခိုင်ခံ့ ကောင်းမွန်စေရေးအတွက် လမ်းဘေးဝဲယာ ရေစီးရေလာကောင်း မွန်စေရေးဆောင်ရွက်ပေးရန်လိုကြောင်း၊ သွားလာရခက်ခဲသည့် နယ်စပ်ဒေသများ၏ လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်စေရေးကို အဓိကထား ဆောင်ရွက်ပေးရန်လိုကြောင်း၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဘဏ္ဍာငွေများကို နိုင်ငံတော်မှ ခွင့်ပြုပေးလျက်ရှိကြောင်း၊ လူသား နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အရင်းအမြစ်များ များစွာလိုအပ်ကြောင်း၊ ဒေသတွင်းနေထိုင်သူများအနေဖြင့် မိမိတို့ဒေသအတွင်း နေထိုင်လုပ်ကိုင်လိုကြပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပေါများပါက ဒေသတွင်း၌သာ နေထိုင်လုပ်ကိုင်ကြမည်ဖြစ်ကြောင်း၊ ထို့ကြောင့်ဒေသအလိုက် အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အခြေခံပညာကျောင်းများတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များကို သင်ကြားပေးလျက်ရှိပြီး နောင်တစ်ချိန်တွင် ဒေသအတွက် လူသားအရင်းအမြစ်များ ဖြစ်ထွန်းလာမည်ဖြစ်ကြောင်း၊ အလားတူ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင်ကြားကြစေရေး စည်းရုံးဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံ​တော်သမ္မတက​ပြောကြားသည်။

ထို့အတူ ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သဖြင့် စက်မှုနည်းပညာဘက်သို့ စိတ်ပါဝင်စားမှုများကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်သည်လည်း နိုင်ငံအတွက် မဖြစ်မနေလိုအပ်သည့် ပညာရပ်များပင်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးပညာရပ်များကို သင်ကြားခြင်းဖြင့်လည်း ဘဝရပ်တည်ရေးအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ကို သိရှိစေရေး စံနမူနာပြလုပ်ကိုင်ပြသရန်လိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍမြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး KG+9 အထိမသင်မနေရ ပညာရေးစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုအခါ ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိပြီး တန်းစဉ်ကူးပြောင်းမှုများ ကောင်းမွန်တိုးတက်စေရေးတတ်နိုင်သမျှ ဝိုင်းဝန်းဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်အစိုးရမှ ဖွင့်လှစ်ထားသည့် အခြေခံပညာကျောင်းများမှ ထူးချွန်သည့် ကျောင်းသား၊ ကျောင်သူများ ပိုမိုတိုးတက်ပေါ်ထွန်းလာစေရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ အစိုးရပညာရေးစနစ်ကိုမြှင့်တင်နိုင်ရေးဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနသာမက တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များကလည်း ဝိုင်းဝန်းဆောင်ရွက်ရန်လိုကြောင်း၊ ကျောင်သား၊ ကျောင်းသူများ တစ်ကိုယ်ရည်ကျန်းမာရေးအတွက်ကျောင်း ကျန်းမာရေးကိုလည်း စဉ်ဆက်မပြတ်စစ်ဆေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ မူလတန်းအရွယ်မှစတင်၍ ကောင်းမွန်သည့်အလေ့အကျင့်များရရှိအောင်ဆောင်ရွက် ပေးရန်လိုကြောင်း၊ ကျောင်းတက်ရောက်၍ ပညာသင်ကြားခြင်းအားဖြင့် သင်ခန်းစာများတွင်ပါရှိသည့် နီတိများကို သင်ကြားပြီး ကျန်းမာရေး အသိပညာရှိမည်၊ အာဟာရ ပြည့်ဝစွာစာသုံးနိုင်မည်ဆိုပါက စွမ်းရည်စွမ်းအားရှိသည့် နိုင်ငံတော် အတွက် လိုအပ်သော အနာဂတ်လူငယ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း နိုင်ငံ​​တော်သမ္မတက ​​ပြောကြားသည်။

အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိသည့် စာသင်ကျောင်းများမှ ပြန်လည် ဖွင့်လှစ်နိုင်သည့် အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ ကောင်းစွာပညာသင်ကြားရေးကို ခြိမ်းခြောက်မှုများကြောင့် ပိတ်ထားရသည့် ကျောင်းများရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် မိမိတို့ဒေသကို နိမ့်ပါးသည့်နေရာသို့ ရောက်အောင်တွန်းပို့ ဖျက်ဆီးနေခြင်းပင်ဖြစ်ကြောင်း၊ ပညာရေးကိုဖျက်ဆီးခြင်းသည် နိုင်ငံ၏ အနာဂတ်ကို ဖျက်ဆီးခြင်းပင် ဖြစ်ကြောင်း၊ ထိုသို့ဒေသပျက်စီးရေး ဆောင်ရွက်နေမှုများကို နိုင်ငံချစ်စိတ်၊ ဒေသချစ်စိတ်၊ မျိုးချစ် စိတ်ရှိသူများက ဒေသတွင်းစုပေါင်းအားဖြင့် ဝိုင်းဝန်းဆန့်ကျင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်လျက် ရှိသည့် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးပိုင်းဆိုင် ရာတာဝန်ရှိသူများ ပူးပေါင်း၍ စာသင်ကျောင်းများ လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ပြီး ကျောင်းများအားလုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသအလိုက် လုံခြုံရေးပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ စီမံချက်များရေးဆွဲဆောင်ရွက်ရန်လိုကြောင်း နိုင်ငံ​​တော်သမ္မတက​ပြောကြားသည်။

ယင်းအပြင် ဝန်ကြီးချုပ်များနှင့် အစိုးရအဖွဲ့ဝန်ကြီးများအနေဖြင့် မိမိတို့ဒေသအလိုက် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေပြင်ကွင်းဆင်းဆောင်ရွက် သွားရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ဒေသတွင်းဖြစ်ပေါ်လျက်ရှိသည့် ပကတိအခြေအနေမှန်များနှင့် လိုအပ်ချက်များကို သိရှိဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စည်ပင်သာယာရေးဝန်ကြီးများအနေဖြင့် မြို့ရွာများသန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ အများပြည်သူများအပန်းဖြေနိုင်သည့် ပန်းခြံများ၊ ပန်းဥယျာဉ်များနှင့် အပန်းဖြေနေရာများကို Town Plan များရေးဆွဲ၍ စနစ်တကျဖော်ဆောင်ပေးရန်လိုကြောင်း၊ မြို့ပြ တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ခေတ်နှင့်လျော်ညီစွာဖြင့် အရှည် မျှော်တွေးလျာထား ဆောင်ရွက်ရန်လိုကြောင်း၊ စာသင်ကျောင်းများ သန့်ရှင်းသာယာလှပရေးနှင့် စံမီသည့်အခြေခံပညာကျောင်းများဖြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ ရုံး/ဌာနများ သန့်ရှင်းသာယာ လှပရေးနှင့် ရုံးလုပ်ငန်းစနစ်များ စနစ်တကျဖြစ်စေရေး ဆောင်ရွက်သွားရန်လို ကြောင်း နိုင်ငံ​တော်သမ္မတက​ပြောကြားသည်။

ပြည်သူများ၏ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာများ မြင့်မားရေးနှင့်ပတ်သက်၍ ဒေသအလိုက် အားကစားပွဲများ ကျင်းပပြုလုပ်သွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် အတွက်ရှိပြီးဖြစ်သည့် အားကစားကွင်းများ စနစ်တကျဖြစ်စေရေး ဆောင်ရွက်ပေးရန် လိုကြောင်း၊ လူငယ်များ၏ အားကစားကဏ္ဍမြှင့်တင်ရေးကို ဆောင်ရွက်ပေးနိုင်ရန် အခြေခံပညာအဆင့်၊ အဆင့်မြင့်.ပညာအဆင့် အားကစားပြိုင်ပွဲများ၊ မြိုနယ်အလိုက်၊ ခရိုင်အလိုက်၊ အသက်အရွယ်အလိုက် ဖိတ်ခေါ် အားကစားပြိုင်ပွဲများ ကျင်းပ ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း အမှန်တကယ် အကျိုးရှိအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ အားကစားပြိုင်ပွဲများကို ဆောင်ရွက် နိုင်ခြင်းဖြင့် လူငယ်များ၏ စိတ်ဓာတ်နှင့် ခံယူချက်များတိုးတက်ကောင်းမွန်လာမည်ဖြစ်ပြီး မိမိတို့နိုင်ငံ၏ အားကစားကဏ္ဍကို မြှင့်တင်ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း နိုင်ငံ​တော်သမ္မတကဆိုသည်။

MSME ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် Agro-Based Industries ကို ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ မိမိတို့တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မိမိတို့ဒေသ၏ အားသာချက်များကို အသုံးချဆောင်ရွက်သွားရန် လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းသည်အဓိကကျသဖြင့် လုပ်ငန်းများကိုမြှင့်တင်၍ ပြည်တွင်း ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်သဖြင့် နိုင်ငံအတွင်းမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အခြေခံသော ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ စီးပွားရေးကဏ္ဍကို များစွာမြှင့်တင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နိုင်ငံ​တော်သမ္မတက​​ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်ခဲ့မှုနှင့် အောင်ချက်ရာခိုင်နှုန်း မြင့်မားလာမှုအခြေအနေများ၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှု ရာခိုင်နှုန်း မြင့်မားလာမှု၊ အခြေခံကျောင်းများ၌ ဆရာ၊ ဆရာမ လိုအပ်ချက်များအား ဖြည့်ဆည်း ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အစိုးရနှင့် ပုဂ္ဂလိကကျောင်းများ၌ အဆောက်အဦများ သတ်မှတ်စံနှုန်းနှင့်အညီ ဆောင်ရွက်ရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် စိုက်ပျိုးဧကများမှန်ကန်ရေးနှင့် စိုက်ပျိုးသီးနှံများ အထွက်နှုန်းကောင်းမွန်စေရေး စိစစ်ဆောင်ရွက် ခဲ့သည့် အခြေအနေများ၊ ဒေသတွင်းမျိုးရင်းမှ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေမှု၊ လယ်ယာမြေအသုံးပြုမှုများနှင့် စပ်လျဉ်း၍ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် ကြပ်မတ်ဆောင်ရွက်နေမှု၊ ငလျင်ဒဏ်သင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများ အပါအဝင် နိုင်ငံတစ်ဝန်း ဘဏ္ဍာနှစ်အလိုက် ဦးစားပေးအဆင့် လမ်း၊ တံတား၊ အဆောက်အဦများ ဆောက်လုပ်နေမှုနှင့် ပြုပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ပညာရေးနှင့်ကျန်းမာရေးကဏ္ဍ အပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့​ကြောင်း သိရသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကားတွင် မူလတန်းပြ ဆရာ၊ ဆရာမများ လိုအပ်ချက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများကို စနစ်တကျသင်ကြားပေးနိုင်သည့် ဆရာ၊ ဆရာမများ ဖြစ်ရန်လိုအပ်သဖြစ် ခန့်အပ်မည့် ဆရာ၊ ဆရာမများကို သင်ကြားရေးပညာရပ်များ အမြဲမပြတ်ဖြည့်ဆည်းသင်ကြား ပေးသွားရန်လိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကို အတန်းပညာရပ်များ သာမက အတတ်ပညာများကိုပါ သင်ကြားပေးနိုင်ရန်လိုကြောင်း၊ သင်ယူလိုစိတ်၊ သင်ကြား လိုစိတ်များရှိအောင်လည်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပညာရပ်များ အလိုက် ထူးချွန်သူများကိုလည်း ပညာသင်ဆုများပေးအပ်နိုင်ရေး ဆောင်ရွက်ပေး နိုင်ရန်လိုကြောင်း၊ကျန်းမာရေး ကဏ္ဍမြှင့်တင်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သန့်ရှင်းသပ်ရပ်သည့် ဆေးရုံများဖြစ်စေရေးနှင့် ဆရာဝန်များရှိစေရေး ဆောင်ရွက်ပေးရန် လိုကြောင်း၊ သက်ဆိုင်ရာ ကျေးရွာ၊ တိုက်နယ်၊ မြို့နယ်၊ ခရိုင် စသည့် အဆင့်နှင့်လျော်ညီသည့် ဆေးရုံများဖြစ်အောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဆေးရုံတွင် ဆရာဝန်များနှင့် သူနာပြုများ စဉ်ဆက် မပြတ်ရှိစေရေး ဝန်ထမ်း များတိုးမြှင့်ခန့်ထားနိုင်ရန် နိုင်ငံတော်မှ ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး ကျန်းမာရေး ကဏ္ဍမြှင့်တင်နိုင်ရေးအတွက် နိုင်ငံတော်ရန်ပုံငွေများကို တိုးမြှင့်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ​ပြောကြားသည်။

စီးပွားရေးနှင့်ပတ်သက်၍ ပြည်တွင်းကုန်ထုတ်လုပ်မှုများ တိုးတက်လာမည်ဆိုပါက ပြည်ပသွင်းကုန်များ လျှော့ချနိုင်ပြီး ပြည်ပပို့ကုန်များပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင် ခြင်းဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို အထိုက်အလျောက်လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ သွင်းအားစုများ ဈေးနှုန်း ကြီးမြင့်မှုများကြောင့်လည်း ထုတ်လုပ်မှုကုန်ကျစရိတ်များကြီးမြင့်လာပြီး ကုန်ဈေးနှုန်များ ကြီးမြင့်လာခြင်းဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် အားလုံးကဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေး ထုတ်ကုန်များတိုးတက်လာစေရေးနှင့်ပတ်သက်၍ သီးနှံစိုက်စွမ်းအားများ တိုးတက်အောင် သီးထပ်စွမ်းအားများ တိုးတက်လာစေရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူ မွေးမြူရေးနှင့်ပတ်သက်၍လည်း ဖွံ့ဖြိုးတိုးတက်အောင်ဆောင် ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုး မွေးမြူရေး ပညာရပ်များနှင့်ပတ်သက်၍ လိုအပ်ပါက ပညာသင်ဆုများပေး၍ မွေးထုတ်လေ့ကျင့်ပေးသွားရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် စုပေါင်းဆောင်ရွက်သည့်စနစ်ဖြင့် ဆောင်ရွက်သွားမည်ဆိုပါက လုပ်ငန်းများပိုမိုလျင်မြန်အောင်မြင်စွာဖြင့် ပြီးစီးနိုင်မည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် စပါးရိတ်သိမ်းရေးအဖွဲ့များနှင့် ထွန်ယက်ရေးအဖွဲ့များကို မြို့နယ်များ အလိုက်စုပေါင်းစနစ်ဖြင့် စုဖွဲ့ထားမည်ဆိုပါက လိုအပ်သလိုအချိန်နှင့်တစ်ပြေးညီ လုပ်ငန်းများဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်း အားဖြင့် ရာသီဥတုကြောင့်ဖြစ်ပေါ်လာနိုင်သည့် သီးနှံပျက်ဆီးဆုံးရှုံးမှုများ နည်းပါးစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသအလိုက် စုပေါင်းလုပ်ဆောင်တတ်သည့်အကျင့်ကို အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့ဒေသကောင်းကျိုးအတွက် ဆောင်ရွက်ရာတွင် မိမိတို့သိရှိနားလည်ထားကြသည့် နည်းလမ်းပေါင်းစုံဖြင့် စေတနာထား ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုကြောင်း နိုင်ငံ​တော်သမ္မတက​ပြောကြားသည်။

ထို့အတူ လမ်းများ ပုံစံတကျဖြစ်စေရေးအတွက် လမ်းမကြီးများဥပဒေတွင် လမ်းအမျိုးအစားများ အလိုက် သတ်မှတ်ချက်များကို ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ လမ်းနယ်များကိုလည်း စနစ်တကျ ထိန်းသိမ်းရန်လိုကြောင်း၊ လမ်းဘေးဝဲယာများအနီး ရွာမြေနှင့် မြို့မြေမဟုတ်သည့်နေရာများတွင် လူနေအိမ်များဆောက် လုပ်နေထိုင်ကြသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့နေထိုင်ကြခြင်းဖြင့် အုပ်ချုပ်ရေးဆိုင်ရာ အခက်အခဲများရှိလာမည်ဖြစ်သဖြင့် စနစ်တကျဖြစ်စေရေး အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်သွားကြရန် လိုကြောင်း၊ အများနှင့်သက်ဆိုင်သည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အရှည်ကိုမျှော်တွေး၍ စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံ​တော်သမ္မတက​ပြောကြားသည်။

Most Read

Most Recent