မန်ယူအသင်းရဲ့ ဥရုဂွေးကွင်းလယ်ကစားသမား အူဂါတေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒူးအရွတ်စုတ်ပြဲတဲ့ ACL ဒဏ်ရာ ရရှိခဲ့တာကြောင့် ကာလရှည်အနားယူရတော့မှာဖြစ်ကြောင်း သိရပါတယ်။
အူဂါတေဟာ စပိန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ပထမပိုင်းမှာပဲ ထမ်းစင်နဲ့ သယ်ထုတ်ခဲ့ရတာပါ။
ဒဏ်ရာကို စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ACL ဒဏ်ရာဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပေမဲ့ အနားယူရမယ့်ကာလအတိအကျကိုတော့ မသိရှိရသေးပါဘူး။
မန်ယူအသင်းက မူလကတည်းက အခုနွေရာသီမှာ ကွင်းလယ်ကို အဓိကအားဖြည့်ဖို့ စီစဉ်ထားပြီးသားဖြစ်ပေမဲ့ အူဂါတေရဲ့ ဒဏ်ရာပြဿနာကြောင့် အရေအတွက်ပိုတိုးပြီး ခေါ်ယူရဖွယ်ရှိနေကြောင်း သုံးသပ်မှုတွေ ရှိနေပါတယ်။
မန်ယူအသင်းဟာ အူဂါတေ(၂၅ နှစ်)ကို ၂၀၂၄ နွေရာသီမှာ PSG ကနေ ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း(၅၀)နဲ့ ခေါ်ယူထားတာဖြစ်ပြီး ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသလို၊ တစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်မယ့် သဘောတူညီမှုလည်း ပါဝင်ကြောင်း သိရပါတယ်။
အူဂါတေဟာ မန်ယူအသင်းအတွက် နှစ်ရာသီအတွင်း ပြိုင်ပွဲစုံ(၆၉)ပွဲသာ ကစားခွင့်ရခဲ့ပြီး ပြီးခဲ့တဲ့ရာသီအဆုံးသတ်ခါနီးမှာ ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့ကြောင်းလည်း သိရပါတယ်။















