တောင်ကိုရီးယားနည်းပြ ဟောင်မြန်ဘိုဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်က ထွက်ခဲ့ရပြီး ပရိသတ်တွေရဲ့ ဖိအားပေးမှုနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ရာထူးက နုတ်ထွက်ခဲ့ကြောင်း သိရပါတယ်။
တောင်ကိုရီးယားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု(A)မှာ အိမ်ရှင်မက္ကဆီကို၊ ချက်၊ တောင်အာဖရိကတို့နဲ့ ကျရောက်ခဲ့ပြီး ချက်ကိုသာ အနိုင်ရကာ ကျန်နှစ်ပွဲကို ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စုတတိယနေရာနဲ့ ပြိုင်ပွဲက ထွက်ခဲ့ရတာပါ။
ဟောင်မြန်ဘိုရဲ့ စီမံခန့်ခွဲမှုနဲ့ လူထုတ်ပုံတွေက မေးခွန်းထုတ်စရာဖြစ်ခဲ့ပြီး အုပ်စုနောက်ဆုံးပွဲမှာ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ကို အရန်ခုံထိုင်ခိုင်းခဲ့တဲ့အတွက်လည်း တောင်ကိုရီးယားပရိသတ်တွေက ဒေါသထွက်ခဲ့ကြပါတယ်။
ဒါကြောင့် ဟောင်မြန်ဘိုကို ရာထူးက ထုတ်ပယ်ဖို့ အွန်လိုင်းကတစ်ဆင့် လက်မှတ်ရေးထိုးတောင်းဆိုမှု ပြုလုပ်ခဲ့ကြပြီး ဟောင်မြန်ဘိုကလည်း အသင်း ပြိုင်ပွဲက ထွက်ရဖို့ သေချာသွားချိန်မှာ ရာထူးက နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
''ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်တိုင်းက မှန်ကန်ခဲ့တယ်လို့ ကျွန်တော် မပြောနိုင်ပါဘူး။ ဒါပေမဲ့ ကိုရီးယားဘောလုံးအတွက် အကောင်းဆုံးဖြစ်မယ်လို့ ယုံကြည်တာတွေကိုပဲ ကျွန်တော် ဆုံးဖြတ်ခဲ့တာပါ'' လို့ ဟောင်မြန်ဘိုက ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယားအသင်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကျရှုံးခဲ့ရခြင်းအတွက် တောင်ကိုရီးယားသမ္မတ လီဂျယ်မြောင်ကလည်း ပရိသတ်တွေကို တောင်းပန်ခဲ့ပြီး အရည်အချင်းမပြည့်မီသူကို နည်းပြအဖြစ် တာဝန်ပေးခဲ့မိခြင်းအတွက် တောင်းပန်ကြာင်း၊ ပြိုင်ပွဲက ထွက်ခွာခဲ့ရခြင်းအတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး နောက်တစ်ကြိမ် အခုလိုထပ်မဖြစ်အောင် ပြင်ဆင်သွားမှာဖြစ်ကြောင်း လူမှုကွန်ရက်ကတစ်ဆင့် ပြောကြားခဲ့ပါတယ်။
နည်းပြ ဟောင်မြန်ဘိုဟာ တောင်ကိုရီးယားအသင်းကို ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ကိုင်တွယ်ခဲ့ဖူးပြီး အဲဒီတုန်းကလည်း (၁)ပွဲသရေ၊ (၂)ပွဲရှုံးနဲ့ တစ်မှတ်သာရရှိကာ အုပ်စုအဆင့်က လှည့်ပြန်ခဲ့ရကြောင်း သိရပါတယ်။















