ဗင်နီဇွဲလားနိုင်ငံတွင် ဆက်တိုက်လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်နှစ်ခုကြောင့် ဇွန်၂၇ ရက်အထိ သေဆုံးသူဦးရေ ၁,၄၃၀ ဦးအထိ ရှိလာပြီး အမေရိကန်နိုင်ငံမှ ပထမဆုံးအကြိမ် ကူညီထောက်ပံ့သည့်ကယ်ဆယ်ရေးလေယာဉ်များ မြို့တော် ကရာကက်စ်သို့ စတင်ရောက်ရှိလာချိန်တွင်လူသန်းပေါင်းများစွာသည် သန့်ရှင်းမှုနှင့် အခြေခံလိုအပ်ချက်များ ပြတ်လပ်မည့်ဘေးနှင့် ရင်ဆိုင်နေရသည်။
ဒေသခံတာဝန်ရှိသူများ၏ တုံ့ပြန်မှု နှေးကွေးခြင်းကို ပြည်သူများက မကျေမနပ်ဖြစ်နေကြချိန်တွင် အမေရိကန်က ထောက်ခံထားသည့် ဗင်နီဇွဲလား ယာယီသမ္မတဒယ်လ်စီရိုဒရီဂွက်ဇ်က မိမိတို့နိုင်ငံသည် အထီးကျန်ဖြစ်မနေကြောင်း၊ နိုင်ငံတကာအကူအညီများ ရရှိနေကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် ဆိုင်မွန်ဘိုလီဗာအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ လေယာဉ်ပြေးလမ်းတစ်ခုကို ပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်၍ အမေရိကန်စစ်တပ်၏ C-17 ကုန်တင်လေယာဉ်များ ဆင်းသက်နေသကဲ့သို့ ကမ်းလွန်ပင်လယ်ပြင်သို့လည်း ရေတပ်သင်္ဘောတစ်စင်း ရောက်ရှိလာပြီဖြစ်ကြောင်း အမေရိကန်အစိုးရက ထုတ်ပြန်ထားသည်။
ထို့အပြင် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရန် အနည်းဆုံး ၁၇ နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့များကို စေလွှတ်ထားကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အေဂျင်စီ (OCHA) က ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဇွန် ၂၄ ရက်တွင် ပြင်းအား ရဒသမ၂ နှင့် ၇ ဒသမ ၅ အဆင့်ရှိ ငလျင်နှစ်ခုကြောင့် ပြိုကျပျက်စီးသွားသော လူနေအဆောက်အအုံအပျက်အစီးများကြား၌အသက်ရှင်ကျန်ရစ်သူများကိုဒေသခံများက အသည်းအသန် ရှာဖွေနေကြသည်။ ပညာရှင်များ၏အဆိုအရ သဘာဝဘေးအန္တရာယ်ဖြစ်ပွားပြီး ပထမဆုံး ၇၂ နာရီသည် အသက်ရှင်သူများကို ကယ်တင်နိုင်မည့် အရေးကြီးဆုံးအချိန်ဖြစ်သည်ဟု သိရသည်။
ငလျင်ဒဏ် အဆိုးရွားဆုံးခံခဲ့ရသည့် ကရာကက်စ်မြို့၏မြောက်ဘက် လာဂွါအီရာ ကမ်းရိုးတန်းဒေသတွင် ငလျင်လှုပ်ပြီး ၃၂ နာရီအကြာ ဇွန်၂၆ ရက်တွင် အပျက်အစီးများကြားမှ ကလေးငယ်တစ်ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သည်။ လူမှုကွန်ရက်ပေါ်ရှိ ဗီဒီယိုတစ်ခုတွင် အမျိုးသားတစ်ဦးသည် ထိုကလေးငယ်ကို ပွေ့ချီထားရင်း ဝမ်းသာမျက်ရည်ကျနေသည်ကို မြင်တွေ့ရသည်။
ကုလသမဂ္ဂ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့ (IOM) ၏ အချက်အလက်များအရ ပြည်သူ ၆ ဒသမ ၇၆ သန်းအထိ ငလျင်ဒဏ်သက်ရောက်နိုင်ပြီး ၎င်းတို့အတွက် အရေးပေါ်ခိုလှုံရာနေရာ၊ သန့်ရှင်းသောရေ၊ မိလ္လာစနစ်၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် မရှိမဖြစ်လိုအပ်သော ကယ်ဆယ်ရေးပစ္စည်းများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။
ဗင်နီဇွဲလား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဂျော့ရိုဒရီဂွက်ဇ်၏ ထုတ်ပြန်ချက်အရ လက်ရှိအချိန်အထိ သေဆုံးသူ ၁,၄၃၀ ဦးနှင့် ဒဏ်ရာရရှိသူ ၃,၂၃၈ ဦးရှိသည်ဟု သိရသညါ။ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ ယခုငလျင်ကြောင့် ရုပ်ပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆ဒသရ ဘီလီယံခန့် ရှိပြီး ယင်းမှာ ဗင်နီဇွဲလားနိုင်ငံ စုစုပေါင်းပြည်တွင်းထုတ်ကုန် ဂျီဒီပီ၏ ၆ ရာခိုင်နှုန်းနှင့် ညီမျှသည်ဟု ဆိုသည်။
Ref:AFP
photos - afp
#ဗင်နီဇွဲလားနိုင်ငံ #ဗင်နီဇွဲလားနိုင်ငံ #elevennews















