ကရင်ပြည်နယ်၏ အထင်ကရတောင်ဖြစ်သည့် ဘားအံမြို့နယ်ရှိ ဇွဲကပင်တောင်၌ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုအား တွေ့ရှိပါက ကျူးလွန်သူမှ ဒဏ်ငွေ (၅၀၀၀၀) ကျပ် ပေးဆောင်ရန် ဇွန် ၂၃ ရက်နေ့က ဘားအံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒေသန္တရအမိန့်ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ဘားအံမြို့သည် ကရင်ပြည်နယ်၏ မြို့တော်ဖြစ်သည်နှင့်အညီ မြို့သန့်ရှင်းသာယာလှပရေး၊ မြို့နယ်အတွင်းရှိ ခရီးစဉ်ဒေသများ သန့်ရှင်းသာယာလှပရေးကို ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွန်မှုဖြင့် အထူးအလေးထားဆောင်ရွက်လျက်ရှိပြီး၊ ကရင်ပြည်နယ်၏ သဘာဝရေမြေတောတောင် အလှအပများ၊ သန့်ရှင်းသာယာမှုများကြောင့် ကရင်ပြည်နယ်သို့ ကမ္ဘာလှည့်ခရီးသည်များ၊ ပြည်တွင်းခရီးသည်များ နှစ်စဉ်နှစ်တိုင်း တိုးတက်လည်ပတ်လျက်ရှိကြောင်း အဆိုပါ ဒေသန္တရအမိန့်တွင် ဖေါ်ပြထားသည်။
ကရင်ပြည်နယ်၏ ခရီးစဉ်ဒေသများတွင် ဇွဲကပင်တောင်ခရီးစဉ်ဒေသသည် ကရင်ပြည်နယ်၏ အထိမ်းအမှတ်အဖြစ် ထင်ရှားသည့် ဇွဲကပင်တောင်တည်ရှိရာ နေရာတစ်ခုဖြစ်ပြီး ခရီးသွားများ အများအပြားလာရောက်လည်ပတ်လျက်ရှိရာ ဇွဲကပင်တောင်ဝန်းကျင်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကြောင့် ခရီးစဉ်ဒေသ၏ သာယာလှပမှုကို ထိခိုက်စေသဖြင့် တာဝန်ရှိသူများ၊ အဖွဲ့အစည်းများမှ ဇွဲကပင်တောင်တက်/ဆင်းလမ်းတစ်လျှောက်တွင် အမှိုက်အိတ်များထားရှိပြီး စနစ်တကျအမှိုက်စွန့်ပစ်စခြင်း၊ အမှိုက်သိမ်းဆည်းခြင်းများဆောင်ရွက်သွားမည်ဖြစ်ရာ ဇွဲကပင်တောင်သို့တက်ရောက်မည့်ခရီးသွားဧည့်သည်များ မည်သူမဆို အမှိုက်များကို သတ်မှတ်နေရာများတွင် စနစ်တကျစွန့်ပစ်ရန်နှင့် စည်းကမ်းမဲ့အမှိုက်များ စွန့်ပစ်မှုမရှိစေရေး လိုက် နာကြရန် ယင်းအမိန့်အား ထုတ်ပြန်လိုက်ကြောင်း ဖေါ်ပြထားသည်။
စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုတွေ့ရှိပါက ကျူးလွန်သူမှ ဒဏ်ငွေ (၅၀၀၀၀) ကျပ် ပေးဆောင်ရန် နှင့် ယင်းဒဏ်ငွေ၏တစ်ဝက်ကို စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုကို တွေ့ရှိဖမ်းဆီးပေးနိုင်သူအား ဆုကြေးအဖြစ်ပေးအပ်ပြီး၊ ကျန်ငွေအား ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (DMO) ရန်ပုံငွေအဖြစ ထားရှိသွားရန်၊ လိုက်နရန်ပျက်ကွက်သူ မည်သူမဆို ရာဇသတ်ကြီးပုဒ်မ ၁၈၈ အရလည်းကောင်း၊ တည်ဆဲဥပဒေတစ်ရပ်ရပ်ဖြင့်လည်းကောင်း ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြာင်း ထိုဒေသန္တရအမိန့်တွင်ဖေါ်ပြထားသည်။
ကရင်ပြည်နယ် ဘားအံမြို့အနီးရှိ ဇွဲကပင်တောင်အတက်အဆင်းလမ်းတစ်လျှောက်တွင် တောင်တက်သူများမှ စည်းကမ်းမဲ့စွန့်ပစ်ထားခဲ့ကြသည့်အမှိုက်များအား ပြီးခဲ့သည့် ဇွန် (၁၃) ရက်နေ့က ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် လူငယ်များမှ ဇွဲကပင်တောင်တက်/ဆင်းလမ်းတစ်လျှောက်နှင့် တောင်စောင်းနေရာများ၊ လျှိုနေရာများရှိ အမှိုက်များအား လိုက်လံကောက်သူသိမ်းဆည်းခဲ့ကြကြောင်း သိရသည်။
လက်ရှိ မိုးရာသီကာလအတွင်း ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်းရှိ ဇွဲကပင်တောင်၊ တောင်ဝိုင်းတောင် အစရှိသည့်တောင်များနှင့် ဆဒ္ဒန်ဂူ (ဆန္ဒဂူ)၊ ကော့ကသောင်ဂူ၊ ကော့ဂွန်းဂူ၊ ရသ့ပြန်ဂူ အစရှိသည့်ဂူများ ပြည်တွင်းခရီးသွားများအပြင် ပြည်ပနိုင်ငံခြားသားခရီးသွားများလည်း လာရောက်လည်ပတ်ကြလေ့ရှိကြောင်း သိရသည်။















