အစိုးရအနေဖြင့် မိမိတို့ဖြစ်လိုသည်များကို မူဝါဒချမှတ်ဆောင်ရွက်ရသည်ဖြစ်သော်လည်း ပြည်သူများ၏ဆန္ဒကို လျစ်လျူရှုခြင်းမျိုးမဖြစ်ရန်လိုကြောင်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ပြောကြားသည်။
နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ဇွန် ၂၃ ရက်က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် တက်ရောက်အမှာစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတက ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့် တာဝန်ရှိသူများအနေဖြင့် မိမိတို့ဌာနဆိုင်ရာဝန်ထမ်းများနှင့် ထိတွေ့ဆက်ဆံမှုကောင်းရှိရန်လိုပြီး ညီညွတ်မျှတသည့် အုပ်ချုပ်မှုပုံစံရှိရန်လိုကြောင်း၊ မိမိတို့ကွပ်ကဲရသည့် ဝန်ထမ်းများနှင့် မိသားစုများ၏ လုပ်ငန်းပိုင်းဆိုင်ရာနှင့် ကိုယ်ရေးကိုယ်တာအခက်အခဲများနှင့် ပတ်သက်၍လည်း တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ထို့ပြင် ပြည်သူများအနေဖြင့် ကိုယ်စိတ်နှစ်လုံးချမ်းမြေ့စွာ လုပ်ကိုင်စားသောက်နေထိုင်နိုင်ရေးအတွက်လည်း ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲများကို မိမိတို့ဖြေရှင်းပေးနိုင်သည့်ဘက်မှ ဖြေရှင်းဆောင်ရွက်ပေးသွားရန်လိုကြောင်း ပြောကြားသည်။
ပြည်သူများ၏ လိုလားချက်ကို မှန်ကန်စွာ သိရှိနိုင်မှသာလျှင် ဖြေရှင်းပေးနိုင်မည်ဖြစ်သဖြင့် ပြည်သူ့ဆက်ဆံရေးကောင်းမွန်ရန်လည်းလိုကြောင်း၊ အစိုးရအနေဖြင့် မိမိတို့ဖြစ်လိုသည်များကို မူဝါဒချမှတ်ဆောင်ရွက်ရသည်ဖြစ်သော်လည်း ပြည်သူများ၏ဆန္ဒကို လျစ်လျူရှုခြင်းမျိုးမဖြစ်ရန်လိုကြောင်း ပညာရေး၊ ကျန်းမားရေး၊ လူမှုရေးစသည်ဖြင့် ကဏ္ဍအလိုက်၊ အလွှာအလိုက် လိုလားချက်များ၊ သဘောသဘာဝများ တူညီမှုရှိမည်မဟုတ်သည့်အတွက် ပြည်သူများ၏ လိုလားချက်များနှင့် မိမိတို့၏ မူဝါဒသဘောထားများ ကိုက်ညီမှုရှိစေရေး ပြည်သူများ၏အသံကို မှန်မှန်သိရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့ပြင် တိုင်းပြည်သာယာဝပြောရေးအတွက် နိုင်ငံတော်အစိုးရမှ တာဝန်ယူဆောင်ရွက်ရခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အားလုံးပူးပေါင်း၍ လုပ်ငန်းများအောင်မြင်မှုရှိစေရေးအတွက် ကဏ္ဍအလိုက် အလေးထားအကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း၊ ဘဏ္ဍာရေးနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် စီမံကိန်းများကို အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခုလာမည့် ဘဏ္ဍာနှစ်အတွင်း ပညာရေးကဏ္ဍနှင့် လမ်းပန်းဆက်သွယ်မှုကဏ္ဍများ အဆင့်မြှင့်တင်ခြင်းကို အလေးထားဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။
ထို့အတူ ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ကုန်ထုတ်လုပ်မှုများ အားနည်းနေဆဲပင်ဖြစ်ကြောင်း၊ မိမိအနေဖြင့်ပြီးခဲ့သည့် လဆန်းပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်ခဲ့ပြီး မကြာမီရက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဉ် သွားရောက်ခဲ့ကြောင်း၊ ထိုသို့ခရီးစဉ်များသွားရောက်စဉ် မိမိတို့နိုင်ငံတွင် ပြည်ပကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေရေး စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ခြင်းသည် မိမိတို့နိုင်ငံ၏ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာစေရေးအတွက် ဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာခြင်းဖြင့် အလုပ်အကိုင်များရရှိမည်ဖြစ်သကဲ့သို့ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက်အောင်ဆောင်ရွက်သကဲ့သို့ ရှိရင်းစွဲကုန်ထုတ်လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်နေရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခြင်းဖြင့် မိမိတို့နိုင်ငံ၏ ပြည်တွင်းကုန်ထုတ်လုပ်မှုများ တိုးတက်လာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
အလားတူ ကုန်ထုတ်လုပ်ငန်းများစွမ်းအားပြည့် လည်ပတ်နိုင်ရန်အတွက် လိုအပ်သည့် သွင်းအားစုများရရှိစေရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် မျက်ခြည်မပြတ်ကြပ်မတ်ဆောင်ရွက်ပေးသွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် မြေပေါ်မြေအောက်သယံဇာတများ၊ အရင်းအမြစ်ကောင်းများစွာကို ပိုင်ဆိုင်ထားပြီးဖြစ်ပြီး လိုအပ်နေသည်မှာ အလုပ်လုပ်နိုင်ရန်နှင့် အလုပ်လုပ်ချင်စိတ်ရှိရန်ဖြစ်ပြီး အမှန်တကယ် အလုပ်လုပ်ရန်လိုကြောင်း၊ အလုပ်လုပ်ချင်စိတ်သည် လူတိုင်းနှင့် သက်ဆိုင်ပြီး အလုပ်လုပ်နိုင်ရန်အတွက် အလုပ်အကိုင်အခွင့်အလမ်းများလိုအပ်သဖြင့် နိုင်ငံတော်မှအလုပ်အကိုင်အခွင့်အလမ်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အလုပ်လုပ်နိုင်ရန်နှင့် အလုပ်လုပ်တတ်ရန်အတွက် အသိပညာ၊ အတတ်ပညာများရှိရန် လိုအပ်သဖြင့် လိုအပ်သည်များကို သင်ကြားပြသပေးရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊ စက်ရုံ၊ အလုပ်ရုံများ အားလုံးလည်ပတ်နိုင်ရေးနှင့် ကုန်ထုတ်လုပ်မှုများ တိုးတက်လာစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အလေးထားဆောင်ရွက်သွားကြရန်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
အဆိုပါ အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။















