စံချိန်မှတ်တမ်းတွေရရှိတာ ကောင်းမွန်ပေမဲ့ အသင်းအောင်မြင်မှုရရှိအောင် ကူညီနိုင်ဖို့က အဓိကရည်မှန်းချက်ဖြစ်ကြောင်း စီရော်နယ်လ်ဒို ပြောကြား

စံချိန်မှတ်တမ်းတွေရရှိတာ ကောင်းမွန်ပေမဲ့ အသင်းအောင်မြင်မှုရရှိအောင် ကူညီနိုင်ဖို့က အဓိကရည်မှန်းချက်ဖြစ်ကြောင်း စီရော်နယ်လ်ဒို ပြောကြား
Photo: X
Photo: X
Published 24 June 2026

ပေါ်တူဂီအသင်းခေါင်းဆောင် တိုက်စစ်မှူး စီရော်နယ်လ်ဒိုက တစ်ဦးချင်းစံချိန်မှတ်တမ်းတွေ ရရှိတာကောင်းမွန်ပေမဲ့ အသင်းအောင်မြင်မှုရရှိအောင် ကူညီနိုင်ဖို့က အဓိကရည်မှန်းချက်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာ (၂)ဂိုးသွင်းနိုင်ခဲ့တာကြောင့် သမိုင်းဝင်စံချိန်မှတ်တမ်းသစ်တွေ ပိုင်ဆို်င်ခဲ့ပါတယ်။

၂၀၀၆ ကမ္ဘာ့ဖလား၊ ၂၀၁၀ ကမ္ဘာ့ဖလား၊ ၂၀၁၄ ကမ္ဘာ့ဖလား၊ ၂၀၁၈ ကမ္ဘာ့ဖလား၊ ၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ၂၀၂၆ ကမ္ဘာ့ဖလား (၆)ကြိမ်စလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ကမ္ဘာ့ဖလား(၆)ကြိမ် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သလို၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးအများဆုံးသွင်းနိုင်တဲ့ ပေါ်တူဂီကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

စီရော်နယ်လ်ဒိုက ဥဇဘက်ကစ္စတန်နဲ့ပွဲမတိုင်ခင် ကမ္ဘာ့ဖလား(၅)ပွဲဆက်တိုက် ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ ဝေဖန်မှုတွေကို အကောင်းဆုံးတုံ့ပြန်ပြနိုင်ခဲ့တာပါ။

ဒါကြောင့် စီရော်နယ်လ်ဒိုက ဥဇဘက်ကစ္စတန်နဲ့ပွဲမှာ ဂိုးသွင်းပြီးနောက် ''ငါ ပြန်လာပြီ'' I'm back! လို့ ကြုံးဝါးခဲ့ကြောင်းလည်း သိရပါတယ်။

ဒီအတွက် ပွဲအပြီး မေးမြန်းခဲ့ရာမှာ စီရော်နယ်လ်ဒိုက '' ဝေဖန်တဲ့သူတွေ မမေ့အောင် ပြောတာပါ။ ဒီလိုမျိုး လုပ်ပြခဲ့တာ (၂၃)နှစ်ရှိသွားပါပြီ။ ကျွန်တော် အရမ်းပျော်ပါတယ်။ ဒါပေမဲ့ အရေးအကြီးဆုံးအရာက အသင်းလုပ်ဆောင်ခဲ့တဲ့အရာဖြစ်ပြီး ကျွန်တော်တို့ ယုံကြည်မှုပြန်ရှိလာပါတယ်။ တစ်ဦးချင်းစံချိန်မှတ်တမ်းတွေက အမြဲတမ်းကောင်းမွန်ပေမဲ့ ကျွန်တော့်ရဲ့ ရည်မှန်းချက်ကတော့ အသင်းအောင်မြင်မှုရရှိအောင် ကူညီပေးနိုင်ဖို့ပါပဲ။ ကျွန်တော်တို့ ခက်ခဲတဲ့ရက်သတ္တပတ်၊ မှောင်မိုက်တဲ့ ရက်သတ္တပတ်ကို ရင်ဆိုင်ခဲ့ရပေမဲ့ ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့အလုပ်ကို ကျွန်တော်တို့ ယုံကြည်မှုရှိလို့ပါ။ အဲဒါက ခက်ခဲပေမဲ့ ကျွန်တော်တို့ ပြန်လာပါပြီ'' လို့ စီရော်နယ်လ်ဒိုက ပြောကြားခဲ့ပါတယ်။

 

Most Read

Most Recent